နယ်စပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကြီးကို သုံးကြိမ်အထိ သမ္မန်ဆင့်ခေါ် 

နယ်စပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်က မြန်မာသံအမတ်ကြီးကို သုံးကြိမ်အထိ သမ္မန်ဆင့်ခေါ် 

September 7

မြန်မာနိုင်ငံက စစ်အာဏာသိမ်းအုပ်စု၏ အမျိုးသား ဝေဟင်ပိုင်နက် ချိုးဖောက်မှု အကြိမ်ကြိမ် ကျူးလွန်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံအမတ်ကြီးကို နှစ်ပတ်အတွင်း အနည်းဆုံး သမ္မန် သုံးကြိမ် ဆင့်ခေါ်ခဲ့သည်။ 

“တွေ့ဆုံမှုအတွင်းမှာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ပြောခဲ့ပါတယ်၊ ဒီလို လေပိုင်နက် ချိုးဖောက်မှုဟာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေရဲ့ လုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက်နေပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ ကောင်းမွန်တဲ့ အိမ်နီးချင်း ဆက်ဆံရေးရဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ပြောဆိုခဲ့တယ်”ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဆိုသည်။ 

ဩဂုတ် ၂၁ ရက်နှင့် ၂၈ ရက်တို့တွင် နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများနောက် သံအမတ်ကြီး ဦးအောင်ကျော်မိုးကို သမ္မန် ဆင့်ခေါ်ထားပြီးလည်း ဖြစ်သည်။ အဆိုပါ ဆင့်ခေါ်ခဲ့သည့် အချိန်များ၌ သံအမတ်ကြီးထံ ကန့်ကွက်ကြောင်း စာများ လက်လွှဲပေးအပ်ခဲ့သော်လည်း မြန်မာစစ်အာဏာသိမ်းအုပ်စုက အကြောင်းပြန်ခြင်း မရှိပေ။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွ်င မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ယခင် အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့်နောက် ရက်စက်သော ပြည်တွင်းပဋိပက္ခများ စတင်ဖြစ်ပွားသည်။ စစ်တပ်၏ နိုင်ထက်စီးနင်းပြုကျင့်မှုများကို ခုခံတော်လှန်ကြရာတွင် အဝေးရောက် အစိုးရ NUG ၏ လက်နက်ကိုင်တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်၌ အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်၌ ခုခံတွန်းလှန်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည့် AA ကို လေကြောင်းထိုးစစ်များ ဆင်ခဲ့ရာ၌ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ အနည်းဆုံး ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့သည်။ ထိုဖြစ်စဉ်မျိုးသည် စက်တင်ဘာ ၃ ရက်တွင် ထပ်မံဖြစ်ပွားပြီး ကော့ဘဇားဒုက္ခသည်စခန်းမှ ခြောက်ကီလိုမီတာအကွာခန့်ရှိ တောင်ကုန်းသို့ ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့ပြန်သည်။ ကော့ဘဇားဒုက္ခသည်စခန်းတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖိစီးနှိပ်စက်ခြင်းများကြောင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ထက်မနည်း ရှိနေရာ ဖြစ်သည်။ 

ရခိုင်က အခြေအနေ ပို၍ ဆိုးဝါးလာပါက နိုင်ငံအနေဖြင့် နယ်စပ်ကို ပိတ်ပစ်ရန် အဆင်သင့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က စက်တင်ဘာ ၁ ရက်တွင် ပြောသည်။ “မြန်မာဘက်က ရန်စတာမျိုး၊ ထောင်ချောက်ဆင်တာမျိုးထဲ ကျွန်တော်တို့ အရောက်မခံနိုင်ဘူး”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required