စက်သုံးဆီအတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားသော်လည်း စက်သုံးဆီဈေး ပြန်လည်မြင့်တက်နေ

စက်သုံးဆီအတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားသော်လည်း စက်သုံးဆီဈေး ပြန်လည်မြင့်တက်နေ

စက်တင်ဘာလ ၆ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၃၁ရက် ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်မြောက်နေ့ စက်တင်ဘာ ၃ရက် မှစတင်ကာ ယနေ့ စက်တင်ဘာ ၆ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းများပြန်လည်မြင့်တက်သွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၆ ရက်နေ့ တွင် ၉၂ တစ်လီတာလျှင် ၂,၄၂၅ ကျပ် ၊ ၉၅ တစ်လီတာလျှင် ၂,၅၃၅ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၃,၁၁၀ ကျပ် နှင့် ပရီမီယံ ဒီဇယ်ဆီ တစ်လီတာလျှင် ၃,၁၉၅ ကျပ် အထိ ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။

" ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ်လို့ကြေညာပြီးတဲ့နောက်ပိုင်း ဆီဈေးတက်ပြီး ပြန်ကျတဲ့ရက်တွေထဲမှာ စံချိန်တင်ကျတယ်လို့ပြောလို့ရတယ်၊ ဒါပေမယ့် စက်တင်ဘာ ၃ရက်ကစပြီး ဒီနေ့စက်တင်ဘာ ၆ရက် အထိ အတက်ဘက်ကို ပြန်ပြီးရောက်လာတယ်၊ ရှေ့ နှစ်ရက်မှာ ကျရိပ်ပြပြီး ပြန်တက်လာတဲ့သဘောမျိုးဖြစ်နေတယ်" ဟု စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly