အမေရိကန် ထိန်းချုပ်ထားသော ဒေါ်လာ ၁ ဘီလီယံဖြင့် ဗဟိုဘဏ်သစ် ထူထောင်ရန် NUG ကြိုးပမ်းနေ 

အမေရိကန် ထိန်းချုပ်ထားသော ဒေါ်လာ ၁ ဘီလီယံဖြင့် ဗဟိုဘဏ်သစ် ထူထောင်ရန် NUG ကြိုးပမ်းနေ 

စက်တင်ဘာလ ၆ ရက်

၂၀၂၁ အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံရကာ အဝေးရောက်အစိုးရ ဖွဲ့စည်းထားသော NUG က အမေရိကန် ထိန်းချုပ်ထားသော အမေရိကန်ဒေါ်လာ တစ် ဘီလီယံကို ကျောထောက်နောက်ခံပြုမည့် ဒီဂျစ်တယ်ငွေကြေးတစ်ရပ်အား အသုံးပြုနိုင်ပြီး ဗဟိုဘဏ်သစ် ထူထောင်မည့် အစီအစဉ်ကို အတည်ပြုပေးရန် အမေရိကန်ဗဟိုဘဏ်ကို အရေးတကြီး တောင်းဆိုလျက် ရှိသည်။ 

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားသော နိုင်ငံတွင်း ဆိုးဝါးလျက်ရှိသည့် စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းကြားတွင် ဖယ်ရှားခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ်များ ဦးဆောင်သည့် NUG အဝေးရောက်အစိုးရအား ထောက်ခံမှုများ မြင့်တက်စေမည့် လုပ်ငန်းစဉ်ပဲ ဖြစ်သည်။ 

“ဒီ ထိန်းချုပ်ထားတဲ့ ငွေကြေးကို ဒီဂျစ်တယ်ငွေကြေးပုံစံနဲ့ အသုံးပြုနိုင်ဖို့ အမေရိကန်ရဲ့ ခွင့်ပြုပေးမှုကို ကျွန်တော်တို့ လိုအပ်တယ်”ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီး ဦးတင်ထွန်းနိုင်က တည်နေရာ မဖော်ပြသည့် နေရာမှ Bloomberg News နှင့် ဗီဒီယိုအင်တာဗျူးတွင် ပြောဆိုသည်။ 

ယခု ပြည်ပရောက် အတိုက်အခံများ တောင်းဆိုသည့် ငွေပမာဏသည် မြန်မာနိုင်ငံ၏ အရန်ငွေများမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ညသ့် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး နယူးယောက်ဗဟိုဘဏ်က ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ အရန်ငွေဖြစ်သည်။ 

အမေရိကန်၏ ထောက်ခံမှုသာ ရရှိနိုင်ခဲ့ပါက ၎င်းတို့အနေဖြင့် ဗဟိုဘဏ်သစ် ထူထောင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ယင်းမှ ဒီဂျစ်တယ်ငွေကြေးကို ထုတ်ပြန်ကာ အတိုက်အခံတို့၏ “တော်လှန်ရေး ကြိုးပမ်းမှုများ” ကို ထောက်ပံ့ကူညီပေးသွားနိုင်မည် ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။ အဆိုပါ အရန်ငွေကို မူတည်လျက် ဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်ခြင်းသည် အမေရိကန်အတွက် ထိန်းချုပ်ထားမှုကို ဖြေလျှော့ပေးရန် ပို၍ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းပဲ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်၊ အမေရိကန်အနေနဲ့ ခန့်မှန်းလို့ရသလောက် အနာဂတ်မှာ အရန်ငွေထိန်းချုပ်ထားတာကို ဖြေလျှော့လိမ့်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ရည်ရွယ်တာက ဒီ ထိန်းချုပ်ခံ ငွေကြေးကို ကျောထောက်နောက်ခံပြုတဲ့ ဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်နိုင်ရေးပါပဲ”ဟု ဦးတင်ထွန်းနိုင်က ပြောသည်။ “ဒီအတွက် NUG ဗဟိုဘဏ် ထူထောင်တဲ့အချိန်မှာ ဒါကို ကျွန်တော်တို့ရဲ့ နိုင်ငံခြားအရန်ငွေအဖြစ် ကျွန်တော်တို့တွေ အသုံးပြုနိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များနှင့် တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် မြန်မာနိုင်ငံပြင်ပ၌ ၎င်းတို့၏ လုပ်ငန်းစဉ်များ လည်ပတ်ရေးအတွက် ရန်ပုံငွေအင်အား ရှာနိုင်စွမ်းကို ပြသထားနိုင်သည်။ “နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ” ကိုလည်း ရောင်းချထားပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် မိသားစု ပိုင်ဆိုင်ရာ အိမ်ရာခြံဝင်းနှစ်ခုကို လေလံတင်ရောင်းချရာ အမေရိကန်ဒေါ်လာ ၅၃ သန်းနီးပါး ရရှိထားသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖော်ဆောင်ပေးရသည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက နယူးယောက်ဗဟိုဘဏ်ကို တိုက်ရိုက်မေးမြန်းထားကြောင်း သိရသည်။ နယူးယောက်ဗဟိုဘဏ်မှ ပြောခွင့်ရသူတစ်ဦးက ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။ စစ်ကောင်စီ၏ ဦးဆောင်ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထင်မြင်ချက်ပေးရန် ခေါ်ဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

စုစုပေါင်း ဘီလီယံ အနည်းငယ် ရှိမည်ဟု ယူဆရသော မြန်မာ့နိုင်ငံခြားအရန်ငွေသည် စင်ကာပူ၊ ထိုင်းနှင့် ဂျပန်တို့တွင် မျှထားခြင်း ဖြစ်ကြောင်း ဦးတင်နိုင်ထွန်းက ပြောသည်။ အဆိုပါ နိုင်ငံသုံးနိုင်ငံမှ ဗဟိုဘဏ်တာဝန်ရှိသူများသို့ မြန်မာနိုင်ငံ၏ ပိုင်ဆိုင်မှုအာမခံ assets များ ကိုင်ဆောင်ထားခြင်းအကြောင်း မေးမြန်းသည်ကို ထင်မြင်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly