ဧရာဝတီတိုင်းတွင် သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီက စားသောက်ကုန်များရောင်းချ၍ လူချမ်းသာများထံမှ ပြန်အလှူခံ

ဧရာဝတီတိုင်းတွင် သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီက စားသောက်ကုန်များရောင်းချ၍ လူချမ်းသာများထံမှ ပြန်အလှူခံ

စက်တင်ဘာလ ၆ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီက စားသောက် ကုန်ပစ္စည်းများရောင်း ချပေးနေသည်ဟု ဒေသခံများထံက သိရသည်။

ဆန် ၊ဆီ ၊ဆား၊ ကြက်ဥ၊ ငါးသေတ္တာ စသည့် အခြေခံစား သောက်ကုန်များကို တစ်ဝက်စျေးဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ထိုသို့ရောင်းချပေးခြင်းကြောင့် ကုန်ကျသည့် စရိတ်များကို ဧရာဝတီတိုင်းအတွင်းရှိ လူချမ်းသာများထံက ပြန်လည်အလှူခံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"တချို့မြို့တွေမှာဆိုရင် သက်သာချောင်ချိရေးဆိုပြီး မရောင်းခင်ကတည်းက မြို့ပေါ်မှာရှိတဲ့ ငွေကြေးအဆင်ပြေတဲ့လူတွေဆီက အလှူပတ်ခံနေတာ၊ တချို့မြို့တွေမှာတော့ ရောင်းချပြီးမှ အ လှူခံလိမ့်မယ်၊ ဘာမှတော့ မဟုတ်ပါဘူး၊ သူတို့နာမည်ရရေးကို လျှောက်လုပ်နေကြတာပါ"ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စားသောက်

ကုန်ပစ္စည်းများ ရောင်းချရာတွင်လည်း သက်ဆိုင်ရာ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူး ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဆင်ပြေသောသူများသာ အဆိုပါ စားသောက်ကုန်များကို ဝယ်ယူခွင့်ရကြာင်း ဒေသခံများထံက သိရသည်။

"တစ်ဝက်စျေးနဲ့ ရောင်းပေးမယ်ဆိုလို့ သွားကြည့်တာ စစ်ကောင်စီထောက်ခံသူတွေချည်းပဲ တန်းစီနေတာတွေ့ရတယ်၊ သိပ်မကြာပါဘူး သူတို့ရောင်းချနေတာတွေကို ဓာတ်ပုံတွေရိုက်ပြီး ရောင်းတာပြီးသွားတယ်၊ဓာတ်ပုံရိုက်ပြီး မြဝတီနဲ့ မြန်မာ့အသံမှာ ပါရင်ပြီးရောလုပ်နေကြတာပါ"ဟု ပုသိမ်မြို့ပေါ်နေ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဧရာဝတီတိုင်း အိမ်မဲမြို့ ၊ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့များတွင် စစ်ကောင်စီ၏ သက်သာချောင်ချိရေးခေါင်းစဥ်ဖြင့် စားသောက်ကုန်ပစ္စည်း ရောင်းချမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly