စစ်ကောင်စီဥက္ကဋ္ဌ သည် ၎င်း၏ရုရှား ခရီးစဉ်သို့ ချင်းနှင့် ကရင်နီပြည်နယ်မှ စစ်ကောင်စီ ဝင် ဦးမောင်းဟာနှင့် ဦးစောဒန်နီယယ် တို့ကိုခေါ်ဆောင်

စစ်ကောင်စီဥက္ကဋ္ဌ သည် ၎င်း၏ရုရှား ခရီးစဉ်သို့ ချင်းနှင့် ကရင်နီပြည်နယ်မှ စစ်ကောင်စီ ဝင် ဦးမောင်းဟာနှင့် ဦးစောဒန်နီယယ် တို့ကိုခေါ်ဆောင်

စက်တင်ဘာလ ၆ ရက်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်မည့် ၎င်း၏ ခရီးစဉ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ချင်းနှင့် ကရင်နီ ပြည်နယ်မှ စစ်ကောင်စီဝင် ဦးမောင်းဟာနှင့် ဦးစောဒန်နီယယ် တို့ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ၎င်း၏ စီမံအုပ်ချုပ်ရေးကောင်စီဝင် ရှစ် ဦး ရှိသည့်အနက် စစ်ကောင်စီ တပ်များနှင့် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသည့် ချင်းနှင့် ကရင်နီပြည်နယ်မှ စစ်ကောင်စီဝင်များကို ရွေးချယ်၍ ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

''သတင်းထဲမှာပါလာမှသိတာ။ ရုရှားကို မင်းအောင်လှိုင်နဲ့ အတူ မင်းတပ်က ဦးမောင်းဟာ ပါသွားတယ်ဆိုပြီး ပြောနေကြတာ။ သွားတက်တဲ့ဖိုရမ်ကလည်း အရှေ့ဖျားစီးပွားရေး ဖိုရမ်ဆိုတော့ အခုသူတို့ခေါ်သွားတဲ့ ဦးမောင်းဟာက ဘဏ်မန်နေဂျာကနေ ပင်စင်ယူ ထားတာဆိုတော့ ကွက်တိဖြစ်မယ်ထင်ပြီး ခေါ်သွားတာနေမှာ''ဟု မင်းတပ် ဒေသခံများ က ပြောသည်။

ထို့အတူ ဦးမောင်းဟာနှင့်အတူ လိုက်ပါသွားသည့် ကောင်စီဝင်တစ်ဦးဖြစ်သည့် ကရင်နီ ပြည်နယ်မှ ဦးစောဒန်နီယယ်သည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီဝင်ရာထူးကို လက်ခံခဲ့ခြင်းအတွက် ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီက ဦးစောဒန်နီယယ်အား ပါတီမှထုတ်ပယ်ကြောင်း ကြေညာခံထားရသူဖြစ်သည်။

''ကျွန်တော်ထင်ပါတယ်။ အခုနဲ့ဆို ကာချုပ်က ရုရှားကိုသွားတာသုံးကြိမ်ရှိပြီ။ အခုတစ်ခေါက်မှာတော့ စီမံကောင်စီဝင်နှစ်ဦးဖြစ်တဲ့ ဦးမောင်းဟာ နဲ့ ဦးစောဒန်နီယယ် တို့ကိုခေါ်သွားတယ်ဆိုတာက တကယ့်ကို တိုက်ပွဲဖြစ်ပွားနေတဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသက ခေါင်းဆောင်နှစ်ယောက်လည်း ကျွန်တော်တို့နဲ့ အတူပါလာပါတယ်ဆိုပြီး ပြချင်လို့ခေါ်သွားတာဖြစ်မယ်။ ကယားနဲ့ချင်းမှာက တော်တော်လေးကို တိုက်ပွဲပြင်းထန် နေပြီး စစ်ကောင်စီတပ်တွေ အထိနာနေတာကိုး” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး သမားတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီဝင် ဦးမောင်းဟာသည် နယ်ချဲ့ အင်္ဂလိပ်ကိုတော်လှန်ခဲ့သည့် ချင်းမျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ သားဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်သည့်ရာထူးကိုလက်ခံခဲ့သည်။

ထို့အတွက်ကြောင့် ၎င်း၏ဖခင် ဦးဝမ္မသူးမောင်း ဂုဏ်သိက္ခာ ညှိုးငယ်အောင် ပြုလုပ်သူ၊ ချင်းလူမျိုးအား သစ္စာဖောက်သူအဖြစ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခံထားရ သူဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly