KNU တပ်မဟာ (၅) နယ်မြေ၌ ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံး

KNU တပ်မဟာ (၅) နယ်မြေ၌ ဩဂုတ်လ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံး

September 6

ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈၄ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ ဩဂုတ်လ လချုပ် တိုက်ပွဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၉၀ နီးပါး သေဆုံးသည့်အပြင် နောက်ထပ် စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး သေဆုံးသူအများစုသည် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု KNU ဘက်က ပြောထားသည်။

KNLA တပ်ဖွဲ့ဘက်ကလည်း တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီထောက်ပို့ တံတားတစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း လချုပ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်ကမူ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်လေ့မရှိပေ။

ဖာပွန်ခရိုင်တွင် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၄ လုံး ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ၏ လစဉ်မှတ်တမ်းများအရ သိရသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ မဟာမိတ်ဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် နယ်မြေခံ KNLA တပ်ဖွဲ့တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ခရိုင်တွင် ဇူလိုင်လအတွင်းက တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်အပါအဝင် ၈၈ ဦးသေဆုံးခဲ့ကြောင်း KNU ၏ ဇူလိုင်လချုပ် တိုက်ပွဲမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ စစ်ပွဲများ ဖြစ်ပွားနေပြီး မြေပြင်တပ်များ အထိနာနေသော စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#KNU

#KNLA

#စစ်ကောင်စီတပ်ဖွဲ့

#BGF

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly