ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာလျှင် မြန်မာပြည်ကို ထပ်လာမည်ဟု ကုလသံတမန် ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာလျှင် မြန်မာပြည်ကို ထပ်လာမည်ဟု ကုလသံတမန် ပြော

September 6

ပြီးခဲ့သည့်လက မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရှားရှားပါးပါး ခရီးစဉ် လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သူမအနေဖြင့် ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရမှသာလျှင် မြန်မာနိုင်ငံသို့ နောက်တစ်ခေါက် ထပ်လာတော့မည် ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်အစောပိုင်းက စစ်တပ်က အာဏာသိမ်းမှုနှင့်အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေခဲ့သည်။ အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းသော ဆန္ဒပြမှုများကို သွေးထွက်သံယို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခဲ့ပြီး ထို့နောက် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်နေခဲ့သည်။

“တကယ်တမ်းမှာတော့ ဒီ အကျပ်အတည်းကနေ ထွက်နိုင်မယ့် ရှင်းလင်းတဲ့ လမ်းကြောင်း မရှိသလို လွယ်ကူတဲ့ ဖြေရှင်းနည်းလမ်းလည်း မရှိပါဘူး” ဟု ကုလ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာက စင်္ကာပူရှိ ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

မြန်မာနှင့်ပတ်သက်ပြီး ကုလ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားရပ်တည်ချက် ထားရှိသည့် အပိုင်းတွင် သဘောကွဲလွဲမှုများ ဆက်ရှိနေသည်ဟု သူမက မှတ်ချက်ပြုသလို အခြေခံအားဖြင့် နိုင်ငံရေးဖြေရှင်းနည်းများကို ပြင်ပမှ ချမှတ်၍ မရနိုင်ဟု သူမက ပြောသည်။

ပြီးခဲ့သည့်လ သူမ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အခြားအရာရှိများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေးနှင့် သေဒဏ်စီရင်မှုများ ရပ်တန့်ရေး အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ဟေဇာက ပြောသည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်သွားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်မ တွေ့ဆုံနိုင်မယ်ဆိုမှသာ အဲဒီခရီးစဉ်ကို သွားမှာဖြစ်ပါတယ်” ဟု ဟေဇာက ISEAS-Yusof Ishak အင်စတီကျုက စီစဉ်သော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required