ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်မှတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိ

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်မှတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိ

September 5

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ကြောင်းထိုးတပ်စွဲလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့က ဖရူဆိုအခြေစိုက် ခမရ(၅၃၁)နှင့်(၄၃၈)တပ်ရင်းတို့မှ ကားခြောက်စီးဖြင့် ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆိုမြို့တောင်ဘက် ငွေတောင်ရွာ သစ်ကျေးရွာအနီး၌ ကရင်နီတပ်မတော်(KA)နှင့် KNDF B/10 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် လေးနာရီအထိကြာမြင့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးကာ အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူများပြားခဲ့ပြီး တိုက်ပွဲတွင်းမှ MA-3 သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန်ခန့်တွင်လည်း ဖရူဆိုမြို့အဝင် ဒေါညေးခူနှင့် ထီးပေါ်ဆိုကျေးရွာ များအနီးတွင် စစ်ကြောင်းထိုးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား KA ၊ KNDF B/04 ၊ B/15 တို့ ပူး ပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်းအဖွဲ့များ၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

“ကားတွေနဲ့စစ်ကြောင်းထိုးလာတဲ့ ငွေတောင်ရွာသစ်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကားတစ်စီးကတော့ မြောင်းထဲထိုးကျသွားတယ်၊ ပြီးတော့ တစ်ယောက်သေတယ်။ နေ့လည်ပိုင်းတိုက်ပွဲကတော့ စနိုက်ပါနဲ့ ပစ် လို့ နှစ်ယောက်သေတယ်။ အဲဒါတော့ အတည်ပြုနိုင်တယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှအထိနာ၍ လက်နက်ကြီးများ အလွန်အကျွံအသုံးပြု ပစ်ခတ်ခဲပြီး ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတပ်စွဲခြင်းများ လုပ်ဆောင်လျှက်ရှိ ကာ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟုလည်း KNDF ကသတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်

#KNDF

#စစ်ကြောင်းထိုး

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly