တိဗက်ကို တရုတ်၏ တရားမဝင်သိမ်းပိုက်မှုက တိဗက်၏ အနှစ်သာရများကို ဆုံးရှုံးစေသလို နယ်ပယ် အသီးသီးတွင် အတိုင်းအတာတစ်ခုအထိ ဆုတ်ယုတ်မှုများ ရင်ဆိုင်နေရသည်။ တိဗက်၏ ရာသီဥတု အကျပ်အတည်း သည် အချိန်နှင့်အမျှဆိုးရွားလာကာ ကြီးမားသောစိုးရိမ်မှုကို ဖြစ်စေသည့် အစဉ်အဆက် ပြဿနာတစ်ရပ်ဖြစ်လာသည်။
တိဗက်သည် လယ်ယာလုပ်ငန်းအပေါ် အဓိကအားထားသည့် အသက်မွေးဝမ်းကျောင်းလုပ်သူများနေထိုင်ရာ နယ်မြေတစ်ခုဖြစ်ခဲ့ပြီး တိရစ္ဆာန်များမွေးမြူခြင်းနှင့် ရွှေ့ပြောင်းအခြေချသည့် လူနေထိုင်မှုဘဝကို အများဆုံး တွေ့ရသည်။ သို့သော် တရုတ်သိမ်းပိုက်ပြီးကတည်းက ဆိုးရွားသောရာသီဥတုပြောင်းလဲမှုသည် တိဗက်ဒေသကို ပိုမိုချည့်နဲ့လာစေပြီး ရေခဲမြစ်များမှာလည်း စိုးရိမ်မှတ်ဖြင့် အရည်ပျော်လျက်ရှိသည်။
တရုတ်က တိဗက်ကို ပိုင်ဆိုင်သည်ဟု ပြောဆိုထားသောကြောင့် တိဗက်၏ ရာသီဥတုအကျပ်အတည်းသည် တရုတ်၏ စိုးရိမ်ရမည့်ထိပ်တန်းစာရင်းတွင် ပါရမည်ဖြစ်သော်လည်း တရုတ်သည် တိဗက်ကို သိမ်းပိုက်ပြီး ကတည်းက ဒေသ၊ လူမျိုးနှင့် မြေတို့ကို လူမှုရေးနှင့် စီးပွားရေးအရ ၎င်းတို့တိုးတက်ရေးအတွက် အသုံးချလျက် ရှိသည်။
တိဗက်ကို “ကမ္ဘာ့ခေါင်မိုး” ဟု သိကြပြီး “အာရှမျှော်စဉ်” ဟုလည်းခေါ်ကြသည်။ တိဗက်သည် ကမ္ဘာ့တတိယ အကြီးဆုံး ရေခဲရေရင်းမြစ်ဖြစ်ပြီး ၎င်း၏မြစ်အရင်းအမြစ်များမှတစ်ဆင့် အာရှရှိ လူဦးရေ ၂ ဘီလီယံခန့်အား ရေပေးဝေလျက်ရှိသည်။ ဂေဟစနစ်အတွင်း အပြင်းအထန် ပြောင်းလဲမှုများသည် စိုက်ပျိုးရေးနှင့် ရေအပါအဝင် အခြားကဏ္ဍများကို ထိခိုက်စေမည့်အချက်မှာ အစိုးရိမ်ရဆုံးဖြစ်ပြီး ရေအရင်းအမြစ်အတွက် တိဗက်ကို မှီခိုနေရသူများ၏ အသက်မွေးဝမ်းကျောင်းကို တဖြည်းဖြည်း ထိခိုက်လာမည်ဖြစ်သည်။
ပူနွေးစိုစွတ်သော ရာသီဥတုအတွင်း အရှိန်မြင့်လာသော ပြောင်းလဲမှုများကြောင့် တိဗက်ကုန်းပြင်မြင့်သည် ၂၀၀၂ ခုနှစ်မှစ၍ တစ်နှစ်လျှင် ရေတန်ချိန် ၁၀ ဘီလီယံကျော် ဆုံးရှုံးနေကြောင်း Tibet Press က ဖော်ပြခဲ့သည်။
ရေစီးဆင်းမှု ထိခိုက်စေသော ရေကာတာများနှင့် ရေအားလျှပ်စစ် စီမံကိန်း အများအပြားကို မြစ်များပေါ်တွင် တည်ဆောက်ထားပြီး ရေအတွက် ယင်းတို့ကို မှီခိုနေရသော အခြားအာရှနိုင်ငံများအတွက် စိုးရိမ်စရာ ဧရိယာ တစ်ခု ဖြစ်လာသည်ဟုTibet Press က ဖော်ပြသည်။
သို့သော် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်သော တရုတ်နိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန် သို့မဟုတ် တိဗက်ရှိ ရာသီဥတုအကျပ်အတည်းကို ဖြစ်စေသော ၎င်း၏ တာဝန်မဲ့ လုပ်ရပ်များကို တာဝန်ယူဆောင်ရွက်ခြင်းမရှိပေ။