အမေရိကန်နိုင်ငံ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့၏ PDF များအတွက် ရန်ပုံငွေရှာပွဲတွင် ကန် ဒေါ်လာ ၄၀,၀၀၀ ကျော်ရရှိ

အမေရိကန်နိုင်ငံ နွေဦးတော်လှန်ရေး အမျိုးသမီးအဖွဲ့၏ PDF များအတွက် ရန်ပုံငွေရှာပွဲတွင် ကန် ဒေါ်လာ ၄၀,၀၀၀ ကျော်ရရှိ

မဇ္ဈိမ။     ။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ နွေဦးတော်လှန်ရေးအမျိုးသမီး အဖွဲ့ (Women for Myanmar- DC Area) ၏ ဦးဆောင်မှုဖြင့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား ပေါင်းစုံ ဈေးရောင်းပွဲ နှင့် နွေဦးတော်လှန်ရေး တေးဂီတအစီအစဉ် ကို ယမန်နေ့ အမေရိကန်စံတော်ချိန် စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲတွင် အခြားပြည်နယ်မှလည်း လာရောက်ရောင်းချခဲ့ပြီး မြန်မာတိုင်းရင်းသားပေါင်းစုံမှ မြန်မာအစားအစာ မျိုးစုံနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံ များအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနှင့် ဆရာကြီး ဦးဝင်းဖေ၏ အနှစ် ၂၀ သက်တမ်းရှိ ဆေးရေးပန်းချီကားများ၊ အဖိုးတန်လက်ဝတ်ရတနာများကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

''နိုင်ငံရပ်ခြားမှာ ရှိတဲ့အမျိုးသမီးတွေကလည်း မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရဖို့ အတွက်ကို အားကြိုးမာန်တက်နဲ့ထောက်ပံ့ပေးနေပါတယ်ဆိုတာကို ပြချင်တယ်။ နောက်ပြီး ကျွန်မတို့ ရန်ပုံငွေရှာပွဲကနေ ရရှိလာတဲ့ငွေကြေးအားလုံး တစ်ပြားတစ်ချပ် မကျန်အောင် ဗမာပြည်မှာ လှူဖို့အတွက် ကြိုးစားပမ်းစားလုပ်ဆောင်နေတာပါ'' ဟု Women for Myanmar မှ ဆရာမ မိုးမိုးက ပြောသည်။

ပန်းချီကား လေလံတင်ပွဲမှ အမေရိကန်ဒေါ်လာ ၅,၀၀၀ ကျော် နှင့် ဈေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ ၃၅,၀၀၀ ကျော် စုစုပေါင်း ဒေါ်လာ ၄၀,၀၀၀ ကျော်ရရှိထားပြီး  အဆိုပါ ငွေများအားလုံးကို စစ်အာဏာရှင်ကိုတော်လှန် တိုက်ပွဲဝင်နေကြသည့် မြန်မာနိုင်ငံတဝစ်ဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံသို့ လှူဒါန်းသွား မည်ဖြစ်ကြောင်း Women for Myanmar မှ ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဆရာမ မိုးမိုး ထံက သိရသည်။

''ဒီတော်လှန်ရေးမှာ ဆက်ပြီးလှုပ်ရှားနေတဲ့ချင်းတိုင်းရင်းသားတွေ၊ CDF တွေကိုလည်း အထူးကျေးဇူးတင်တယ်။ အထူးအားပေးတယ်။ ပြီးတော့ ကျွန်မတို့ ဒီကနေ ဝန်းရံ ထောက်ခံပြီးတော့ တတ်နိုင်သလောက် ရန်ပုံငွေတွေရှာပေးနေတယ်။ ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးနေပါတယ်။ ပြည်ပရောက် မြန်မာလူမျိုးတွေ၊ ချင်းလူမျိုးတွေကလည်း ချင်းပြည်နယ်အတွက် ဒီကနေအပြတ်အသတ်ရုန်းကန်ပြီးတော့  ကြိုးစားပေးနေ ကြောင်းအသိပေးချင်ပါတယ်'' ဟု နွေဦးတော်လှန်ရေး ရန်ပုံငွေရှာပွဲသို့  တက်ရောက်ခဲ့သည့် မပန်ဆယ်လိုက ပြောသည်။

ယခု ရန်ပုံငွေရှာပွဲကို ဝါရှင်တန်ဒီစီ ဧရိယာ Washington DC Area ရှိ Mara Community Church ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ရေးအတွက် အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံမှ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

စာတည်း။    ။မောင်ကောင်း 
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#အမေရိကန်နိုင်ငံ
#ဝါရှင်တန်ဒီစီ
#နွေဦးတော်လှန်ရေးအမျိုးသမီးအဖွဲ့
#PDFရန်ပုံငွေရှာပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required