စစ်ကောင်စီတပ်က မင်းကင်းမြို့နယ်တွင် အမျိုးသမီးနှင့်ကလေးအပါဝင် ပြည်သူ ၁၀ ဦးကို  ဖမ်းဆီးခေါ် ဆောင်၍ စစ်ကြောင်းထိုး 

စစ်ကောင်စီတပ်က မင်းကင်းမြို့နယ်တွင် အမျိုးသမီးနှင့်ကလေးအပါဝင် ပြည်သူ ၁၀ ဦးကို  ဖမ်းဆီးခေါ် ဆောင်၍ စစ်ကြောင်းထိုး 

ကော်သူးလေ(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်ဘေးရှောင်နေ သည့် အမျိုးသမီးလေးဦး၊ ကလေးငယ်တစ်ဦး နှင့် ပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင်၍ စစ်ကြောင်းထိုး လျက်ရှိကြောင်း သိရသည်။
အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် သြဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ကလေးဝ - ယာကြီး - မင်းကင်းလမ်းပိုင်းမှတဆင့် မင်းကင်းမြို့နယ်သို့ ဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့တွင်  ခင်ဦးကျေးရွာရှိ CDM ကျောင်းဆရာ၏နေအိမ်ကို စတင်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 
စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် မြို့မကျေးရွာနှင့် ကျော်ရွာတို့ တွင်ညအိပ်စခန်းချခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်ကို ကျော်ရွာမှပျူစောထီး ဦးခင်မောင်တင့်က ဦးဆောင် ၍လမ်းပြခဲ့ကြောင်း ဒေသခံများထံက သိရသည်။  

စစ်ကောင်စီစစ်ကြောင်းသည် ဦးခင်မောင်တင့်၏လမ်းပြမှုဖြင့် တောထဲတွင် သုံးရက်ကြာစခန်းချ နေထိုင် ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်နေ့တွင်    တောင်တွင်း ပြည်သူ့ကာကွယ်ရေးတပ် (People Defence Force Taung Dwin Region – Mingin) ၏  စခန်းဟောင်း (နွားကျတောင်စခန်း) ကို မီးရှို့ဖျက်ဆီးမှုများ  လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နွားကျတောင်စခန်းသည် စခန်းဟောင်းတစ်ခုဖြစ်ပြီး ရေအခက်အခဲကြောင့် စခန်းတွင် နေထိုင်ခြင်းမရှိ သည်မှာ ရှစ်လကျော် ကြာမြင့်ပြီဖြစ်ကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်၏ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။
ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည်  နွားကျတောင်တောင်ခြေရှိ စစ်ဘေးရှောင်စခန်းသို့ ဝင်ရောက်၍ အမျိုးသမီးလေးဦးနှင့် ကလေးငယ်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရ သည်။
“ တောင်ခြေမှာ စစ်ဘေးရှောင်နေကြတာ။ မပြေးနိုင်တဲ့ အသက် ၃၀ ကျော် ကနေ ၅၀ ကျော်အရွယ် အမျိုး သမီးလေးဦးနဲ့ လေးနှစ်အရွယ်ကလေးငယ်တစ်ဦးကို ဖမ်းခေါ်သွားတယ်” ဟု တောင်တွင်း ပြည်သူ့ကာ ကွယ်ရေးတပ် သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။ 
စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၃ ရက်နေ့တွင် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ကုန်းမော်ကျေးရွာသို့ ဝင်ရောက်၍ ရွာထိပ်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ဒေသခံငါးဦးကို ထပ်မံဖမ်းဆီးခေါ် ဆောင်ခဲ့သည်။
“ကျေးရွာဘေးက လယ်ကွင်းတွေမှာလွှတ်ထားတဲ့ နွားတွေကိုဖမ်းပြီး ကားပေါ်တင် ရောင်းစားကြတယ်။ သူတို့(စစ်ကောင်စီတပ်) ဖြတ်လာတဲ့ကျေးရွာတွေက နွား၊ ဝက်တွေကို သတ်စားကြတယ်။ ကျော်ရွာက ပျူခင်မောင်တင့်က စစ်တပ်နောက် တစ်လျှောက်လုံးလိုက်ပြီး ဦးဆောင်လမ်းပြနေတာ။ တောင်ခြေမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးလေးဦးနဲ့ ကလေးတစ်ဦးကို ဖမ်းသွားကြတယ်။ ဘုန်းကြီးကျောင်းကနေ ဖမ်းခေါ်သွားတဲ့ သူတွေကတော့ ဘယ်သူတွေမှန်း မသိသေးဘူး” ဟု ပြန်ကြားရေး တာဝန်ခံက ဆိုသည်။  
စစ်ကောင်စီတပ်သည် ဒေသခံ စစ်ဘေးရှောင်ပြည်သူဆယ်ဦးကို လူသားဒိုင်းကာပြုလုပ်၍ ဆိတ်သာကျေး ရွာတွင် စခန်းချလျက်ရှိကြောင်း သိရသည်။
“အဖမ်းခံရတဲ့ ဆယ်ယောက်ကို မှန်ပြောင်းနဲ့ကြည့်တာ တွေ့ရတယ်။ သူတို့ကို ဒူးထောက် ခိုင်းထာတာ ။ အခုချိန်ထိပြန်လွတ်တဲ့ သတင်းမကြားရသေးဘူး။ ဖမ်းခေါ်ထားတုန်းပဲ။ ဒိုင်းကာသဘောမျိုး လုပ်ထားတဲ့ ပုံစံမျိုး” ဟု ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။ 
စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် သစ်ခေါင်းကျေးရွာနှင့် ထုံးကြီးကျေးရွာသို့ ဝင်ရောက် လျက်ရှိနေသည်။
“ကျွန်တော်တို့ သူတို့ကို လမ်းတစ်လျှောက် စောင့်ကြည့်နေပါတယ်။ ကနီဘက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းရထားတယ်” ဟု တောင်တွင်းဒေသပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံကဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ကုန်းမော်ကျေးရွာနှင့် လက်ပံတောကျေးရွာ များကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ကုန်းမော်ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်နှင့် လက်ပံတောကျေးရွာ တွင် အိမ်ခြေ ၄၀ ကျော် ဆုံရှုံးခဲ့သည်။ 
စစ်ကောင်စီက မင်းကင်းမြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ  တစ်နှစ်ကျော်ကြာမြင့်နေ ပြီ ဖြစ်ပြီး အင်တာနက်ဖြတ်တောက်မှုကြောင့် အဆက်သွယ်များပြတ်တောက်နေသလို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များတွင်လည်း လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း  သိရသည်။ 

စာတည်း။    ။မောင်ကောင်း
စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#လူသားဒိုင်း
#ဖမ်းဆီးစစ်ကြောင်းထိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required