မြောင်နယ် နေရာ ၂ ခုတွင် စစ်ကောင်စီတပ် တစ်ပြိုင်နက် စစ်ကြောင်းထိုးလာ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မြောင်နယ် နေရာ ၂ ခုတွင် စစ်ကောင်စီတပ် တစ်ပြိုင်နက် စစ်ကြောင်းထိုးလာ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

ကော်သူးလေ (မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင်း နေရာသုံးခု၌ စစ်ကောင်စီတပ်နေရာယူထားလျက်ရှိပြီး ယင်းအနက် နေရာနှစ်ခုတွင် လတ်တလော စစ်ကြောင်းထိုးလှုပ်ရှားလာ၍ ဒေသခံဦးရေ ထောင်ချီ၍ တိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDSOM ထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီခန့်တွင် ကျောက်ရစ်ကျေးရွာမှ အင်အား ၅၀ ခန့် ပါသည့် စစ်ကောင်စီတပ် ခြေလျှင်စစ်ကြောင်း ထွက်ခွါလာ၍ အနီးဝန်းကျင်ရှိ တွင်းကြီး၊ တမဆေးကန်၊ မန်ကျည်းပုတ်၊ ဇရပ်ကုန်းနှင့် မြစံကျေးရွာအပြင် အခြားသောရွာငယ်များရှိ ဒေသခံ ထောင်နှင့်ချီ၍ ညတွင်းချင်း တိမ်းရှောင်ရကြောင်း CDSOM အဖွဲ့ဦးဆောင်သူ ကိုနွေဦးက ပြောပြသည်။

“သူတို့(စစ်ကောင်စီတပ်)ဦးတည်တဲ့ ရွာတွေကသူတွေ ပြေးကြရတာ။ သူတို့(စစ်ကောင်စီတပ်)က ရွာဘေး တောထဲတင် လျှောက်ပတ်သွားကြတာ။ ည ၂ နာရီလောက်ကြတော့ နှစ်ယောက်ချင်းစီ ပြန်သွားကြတယ်။ ရွာခံတွေကတော့ အကုန်ပြေးကြရတာပဲ။ လူတွေက တော်တော်များတယ် ထောင်ဂဏန်းလောက်။ ညဆိုတော့ အတိအကျတော့ မသိရဘူးပေါ့”ဟု ကိုနွေဦးက ပြောသည်။

စစ်ရေးလှုပ်ရှားမှု အခြေအနေများမှာ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိစခန်းတွင် ကနဦးအထိုင်ချထားသည့် စစ်ကောင်စီတပ်အင်အား ၂၅ ဦးဝန်းကျင် တပ်ဖွဲ့နှင့်  မုံရွာ နမခမှ ထပ်တိုးအင်အား ၄၀ ကျော်တပ်ဖွဲ့မှာ လက်ရှိ ကျောက်ရစ်ကျေးရွာ၌ တပ်စွဲကာ လှုပ်ရှားလျက်ရှိသည်ဟု ဒေသခံထံက သိရသည်။

“ရွာတွေကလည်း စစ်ရှောင်တွေကို လက်ခံထားလို့က ရပေမယ့် ကျွေးဖို့က ခက်တယ်ဗျာ။ မီးရှို့ခံထားရတဲ့ ရွာတွေကများတော့ သူတို့ကိုယ်သူတို့တောင် စားဖို့က အနိုင်နိုင်။ စားရေးသောက်ရေးအတွက် စီစဥ်ပေးရတာက ခုနောက်ပိုင်းမှာ တအားများတဲ့အတွက် လုံးပမ်းရတာ မမျှဘူးဖြစ်နေတယ်”ဟု CDSOM ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

ထို့အပြင် ရေစကြိုမြို့နယ်မှ ဝင်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့မှာလည်း မြောင်မြို့နယ် တောင်ပိုင်းတစ်လျှောက် တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

မြောင်မြို့ပေါ်တွင်မူ စစ်ကောင်စီတပ် အင်အား ၅၀ ခန့် အထိုင်ချထားသော်လည်း လက်ရှိစစ်ရေးအခြေအနေ ငြိမ်သက်နေဆဲ ဖြစ်သည်ဟု ဒေသခံက သတင်းပို့ထားသည်။

ဩဂုတ်လ ၃၁ ရက် နံနက်အစောပိုင်းက ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြန်မထွက်သေးဘဲ ယနေ့စက်တင်ဘာလ ၄ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပန်းညိုရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု ဒေသခံက ပြောသည်။

လက်ရှိ အဆိုပါ စစ်ကြောင်းပြန်မထွက်သေးသဖြင့် အိမ်ခြေမည်မျှမီးရှို့ခံနေရသည်ကိုမူ မသိရသေးပေ။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ မြောင်နယ်တောင်ပိုင်းတွင် လှည့်လည်သွားလာနေသဖြင့် ပန်းညို၊ ညောင်ကားယား၊ ငါးရံ့အို၊ မင်းလှနှင့် ရွာပုလဲကျေးရွာများရှိ ဒေသခံဦးရေ ၃,၀၀၀ ကျော်မှာလည်း နီးစပ်ရာသို့ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

“တိုက်ပွဲကတော့ ကျွန်တော်တို့ ဟိုတစ်နေ့က မြစ်သာရွာနားမှာ တိုက်လိုက်တဲ့ဟာပဲရှိတယ်။ မနေ့ကတော့ ကျွန်တော်တို့ ဒရုန်းနဲ့တိုက်သေးတယ်။ ဒါပေမဲ့ သူတို့က ဒရုန်းဖမ်းစက်တပ်ပြီး ဒရုန်းကိုပါ ဖောက်ခွဲပစ်လိုက်တာပေါ့။ ဒီစစ်ကြောင်းမှာ ဒရုန်းနှစ်စင်းတော့ သုံးပြီးသွားပြီ။ ခုတော့ ဝင်တိုက်ဖို့က အဆင်မပြေဘူး။ သူတို့က လက်နက်ကြီးပစ်ကူ တောက်လျှောက်သုံးနေတဲ့ အခါကြတော့” ဟု သူက ဆိုသည်။

မြောင်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးလှုပ်ရှားမှုအခြေအနေများကိုမူ စုံစမ်းသိရှိရသမျှ ဆက်လက်ဖော်ပြပေးသွားပါမည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ အောင်ကျော်ဖြိုး

ဗီဒီယို- စစ်ကောင်စီတပ်များ ကျောက်ရစ်ကျေးရွာမှ ထွက်ခွာလာသဖြင့် ညတွင်းချင်း ကား၊ ဆိုင်ကယ်၊ လှည်းများဖြင့် စစ်ရှောင်နေကြရသည့်မြင်ကွင်း

#စစ်ကိုင်းတိုင်း
#မြောင်မြို့နယ်
#စစ်ကောင်စီ
#စစ်ကြောင်းထိုး
#စစ်ဘေးရှောင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required