စက်သုံးဆီဈေးနှုန်းမြင့်မားခြင်းနှင့် ဂိတ်ကြေးပေးဆောင်ရမှုများပြားခြင်းကြောင့် ကော့သောင်း-ရနောင်း ပြေးဆွဲသည့် စက်လှေအများစုရပ်နား

စက်သုံးဆီဈေးနှုန်းမြင့်မားခြင်းနှင့် ဂိတ်ကြေးပေးဆောင်ရမှုများပြားခြင်းကြောင့် ကော့သောင်း-ရနောင်း ပြေးဆွဲသည့် စက်လှေအများစုရပ်နား

မဇ္ဈိမ။ ။မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် ကူးတို့လှေ(ပဲ့ချိတ်)များသည် စက်သုံးဆီဈေးနှင့် နှစ်နိုင်ငံသက်ဆိုင်ရာအာဏာပိုင်များထံသို့ ဂိတ်ကြေးပေး ဆောင်ရမှုမြင့်တက်လာ၍ အခက်အခဲများဖြစ်ပေါ်နေပြီး အများစုမှာ ရပ်နားထားရကြောင်း စက်လှေပြေး ဆွဲသူများထံက သိရသည်။

ခရီးသည်အများစုသည် ကော့သောင်း-ရနောင်းနယ်စပ်တွင် ရေလမ်းခရီးကို အဓိကထားအသုံးပြုသွား လာရခြင်းဖြစ်ပြီး လက်ရှိတွင် ငွေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်မားလာမှုအပြင် နှစ်နိုင်ငံရှိ သက်ဆိုင် ရာဒေသ အာဏာပိုင်များကို ဂိတ်ကြေး ပေးဆောင်နေကြရသည်။

ထို့ပြင် ခရီးသွားလာမှုနည်းပါးလာခြင်းကြောင့် တွက်ခြေမကိုက်ဖြစ်ပေါ်နေပြီး စက်လှေအများစုမှာ ရပ်နားထားရကြောင်း ကော့သောင်းမြို့ရှိ ခရီးသည်တင် ကူးတို့စက်လှေမောင်းသူ တစ်ဦးထံကသိရသည်။

“လက်ရှိကတော့ခရီးသည်တွေ အရမ်းနည်းသွားတာမျိုး ကြုံနေရတယ်။ ဘာကြောင့်လဲဆိုတော့ အရင်လို နှစ်ဖက် အပြန်အလှန်သွားလာဖို့ ကန့်သတ်ချက်အချို့ရှိနေတာရယ် နောက်ပြီး နှစ်ဖက်ဂိတ်တွေမှာ ပေး ကမ်းရတာတွေ များလာတာကြောင့် စရိတ်ပါဆုံးတယ် ”ဟု ကော့သောင်းမှ ကူးတို့စက်လှေမောင်းသူ တစ်ဦးကပြောသည်။

အဆိုပါ အခက်အခဲများကြောင့် ကော့သောင်း-ရနောင်း နှစ်ဖက်ပြေးဆွဲနေသည့် ကူးတို့လှေ(ပဲ့ချိတ်) စက်လှေ အစီးရေ ၂၀၀ ကျော်အနက် လက်ရှိတွင် အစီး ၅၀ ခန့်သာပြေးဆွဲနေပြီး ကျန်စက်လှေများမှာ ရပ်နားထားရကြောင်း ကော့သောင်း မြို့ခံများနှင့် စက်လှေ မောင်းသူများထံက သိရသည်။

“အရင်ကတော့ တစ်ရက်ကို လေးငါးခေါက်လောက် ပြေးဆွဲနေရပေမယ့် အခုဆိုရင် ခရီးစဉ် တစ်ခေါက် ရဖို့ မနည်းစောင့်နေရတယ်။ ရပြီဆိုရင်လည်း ကိုယ်ပို့တဲ့ ခရီးသည်ကို ပြန်စောင့်ပြီး ပြေးဆွဲနေရတယ်” ဟု ရနောင်းဘက်ကမ်းမှ ကူးတို့ စက်လှေမောင်းသူတစ်ဦးက ဆိုသည်။

ယခင်က ကော့သောင်း-ရနောင်းခရီးစဉ် အသွားတစ်ခေါက်တွင် ခရီသည်တစ်ဦးကို ဘတ် ၃၀ သာ ပေးရသော်လည်း လက်ရှိတွင် ငွေဈေးနှင့် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၁၅၀ ဘတ်မှ ၂၀၀ ဘက် အထိပေးနေရကြောင်း ကော့သောင်းမှ ရနောင်းသို့သွားသည့် ခရီးသည်များထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required