ပါကစ္စတန် ဆင်းဒ်ပြည်နယ်ရှိ ရေဘေးသင့်နေရာများသို့ ရောက်လာသော စစ်တပ်ကို ဒေသခံများက နှင်ထုတ်နေသည့် ဗီဒီယို ထွက်ပေါ်

By The Print
01 September 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်ရှိ ရေဘေးသင့်နေရာများသို့ ရောက်လာသော စစ်တပ်ကို ဒေသခံများက နှင်ထုတ်နေသည့် ဗီဒီယို ထွက်ပေါ်

ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှု ဖြစ်ပေါ်သည့် ဆင်းဒ်ပြည်နယ်သို့ တပ်ဖြန့်စေလွှတ်လိုက်သော လုံခြုံရေး တပ်ဖွဲ့များကို ဒေသခံပြည်သူများက လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့သည်ကို ဒေသနိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး လူမှုမီဒီယာတွင် ဝေမျှခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် မြင်တွေ့ခဲ့ရသည်။

ရေကြီးမှုကြောင့် ပြည်သူများ အကြီးအကျယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ဆက်လက် ကြုံတွေ့ခံစားနေရစဉ် စစ်တပ်သည် ရေဘေးသင့်ဒေသသို့ လာကြည့်ရုံသက်သက် ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါ ပါတီ ခေါင်းဆောင်က စွပ်စွဲသည်။

ရေဘေးသင့် ဧရိယာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရပ်ဘက် အာဏာပိုင်များကို ကူညီရန်အလို့ငှာ ပြည်နယ်အားလုံး၌ စစ်တပ်ကို တပ်ဖြန့်စေလွှတ်ရန် ပါကစ္စတန်အစိုးရက ဆုံးဖြတ်ခဲ့စဉ် အဆိုပါ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
 
ဆင်းဒ်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Jeay Sindh Muttahida Mahaz (JSMM) ၏ တည်ထောင်သူ ဖြစ်သလို လက်ရှိ ဥက္ကဋ္ဌလည်း ဖြစ်သည့် ရှာဖီ မိုဟာမက် ဘာဖတ်က လူမှုမီဒီယာတွင် မျှဝေခဲ့သည့် ဗီဒီယို တစ်ခုတွင် ပါကစ္စတန်ပြည်သူတို့က “စစ်တပ်ကို ရှင်းပစ်” ဆိုသည့် ကြွေးကြော်သံများကို သံကုန်ဟစ် အော်ဟစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။
 
ထိုဗီဒီယိုထဲတွင် ပြည်သူတချို့သည် စစ်သားများနှင့် ရုန်းရင်းဆန်ခတ် စကားများနေခဲ့ကြသည်ကို တွေ့ရနိုင်သလို အခြားသူများကလည်း ရေဘေးသင့်ဒေသမှ စစ်သားများ ပြန်ထွက်သွားရန် အော်ဟစ်တောင်းဆိုနေခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

“ဆင်းဒ်ပြည်နယ်မှာ စစ်တပ်က ဆိုရှယ်မီဒီယာပေါ်တင်ဖို့ ဓာတ်ပုံရိုက်ဖို့သက်သက် လာတာပါ။ ရေဘေးသင့် ဆင်းဒ်ပြည်သူတွေက သူတို့ကို ဖိနပ်တွေနဲ့ ကန်ပြီး ပြန်မောင်းထုတ်ခဲ့ပါတယ်” ဟု ရှာဖီ ဘာဖတ်က ၎င်း၏ ဆိုရှယ်မီဒီယာတွင် ဝေမျှခဲ့သည့် ဗီဒီယိုတွင် ပုံစာရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly