ပါကစ္စတန်တွင် အစိုးရကို ဆန့်ကျင်ဝါဒဖြန့်သည်ဆိုသော ရုပ်သံဌာနဝန်ထမ်းများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်း

By The Print
01 September 2022
ပါကစ္စတန်တွင် အစိုးရကို ဆန့်ကျင်ဝါဒဖြန့်သည်ဆိုသော ရုပ်သံဌာနဝန်ထမ်းများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်း

ပါကစ္စတန်နိုင်ငံတွင် အစိုးရကို ဆန့်ကျင်ဝါဒဖြန့်မှုအတွက် သတင်းရုပ်သံဌာနတစ်ခု၏ ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးရန် အစ္စလမ်မာဘတ်မြို့ရဲတပ်ဖွဲ့က ကရာချိမြို့ရှိ တောင်ပိုင်းဇုန်အပါအဝင် နယ်မြေဧရိယာအသီးသီးတွင် စီးနင်း ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။

သို့သော်  အဆိုပါ ရှာဖွေစီးနင်းမှုများတွင်  ဝန်ထမ်းအားလုံး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။  ရဲတပ်ဖွဲ့က နောက်ထပ် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။

ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့သည့် အိမ်များအနက် အများစုသည် ကာလအတော်ကြာ လူမနေဘဲ စွန့်ပစ်ထားသည့်အိမ်များ ဖြစ်နေသည်ကို တွေ့ခဲ့ရပြီး  အနည်းငယ်သည် လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် ရှိကြောင်း သိရသည်။ ထို့နောက် ရဲများက ကရာချိမြို့မှ အစ္စလမ်မာဘတ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့၏ ညွှန်ကြားချက်များအရ အဆိုပါ စီးနင်းမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် PTI ပါတီ ခေါင်းဆောင် ရှာဘတ်ဇ် ဂီလ်သည် လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွင် ၎င်းတစ်ဦးတည်း မဟုတ်ဘဲ အခြားသူများ ရှိနေနိုင်သည်ဟု အာဏာပိုင်များက ယုံကြည်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။

 ဂီလ်သည် အစိုးရကို ဆန့်ကျင်ဝါဒဖြန့်မှု လုပ်ဆောင်ရာတွင် ပုဂ္ဂလိက ပါကစ္စတန် တီဗီသတင်းချန်နယ်တစ်ခုနှင့် ပူးပေါင်းကြံစည်သည် ဆိုသည့် စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ အစိုးရဌာနများကို ဆန့်ကျင် ထုတ်ဖော် ပြောဆိုမှုများ ပြုလုပ်ခြင်းနှင့် အစိုးရကို အာဏာဖီဆန်ရန်  အများပြည်သူကို သွေးထိုးလှုံ့ဆော်မှု အတွက် ဂီလ်ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required