မုံရွာတွင် အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက် ၄ ဦးသေ 

By စိုင်းခန့်
03 September 2022
မုံရွာတွင် အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက် ၄ ဦးသေ 

September 3
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အိမ်စီးကားများ အသုံးပြုကာ သွားလာနေသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးလေးဦး သေဆုံးခဲ့ကြောင်း South Monywa PDF ထံက သိရသည်။

မုံရွာမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမကြီးပေါ်ရှိ မုံရွာ ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားသုံးစီးဖြင့် သွားလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၂ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ မနေ့က ညနေခင်းမှာ စစ်ကိုင်းကထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကားသုံးစီးကို မုံရွာနဲ့ ချောင်းဦးကြားမှာ ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်စီးမြောက်ကားက အနောက်ပိုင်းကို ထိသွားတယ်၊ သုံးစီးမြောက်ကားက ခေါင်းပိုင်းကို ထိတယ်” ဟု South Monywa PDF တာဝန်ရှိသူ Daung Karyan က မဇ္ဈိမကို ပြောသည်။

အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်မှ အံစာတုံး အမျိုးအစား အိမ်စီးကားနှစ်စီး၊ ဝှစ်အမျိုးအစား အိမ်စီးကားတစ်စီး စုစုပေါင်း အိမ်စီးကား သုံးစီးဖြင့် မုံရွာမြို့သို့ ဦးတည် မောင်းနှင်ထွက်ခွာလာခြင်းဖြစ်သည်။

ထိုသို့ မောင်းနှင်လာသည့် စစ်ကောင်စီ တပ်၏ အိမ်စီးကားယာဉ်တန်းသုံးစီးကို ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေးဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူများလည်း ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“ ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့အချိန် ထိသွားတဲ့ ဒုတိယမြောက်ကား က စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) လေးဦး ပြုတ်ကျလာပြီး ကားလည်း ထိုးရပ်သွားတယ်၊ ပြီးတော့ ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ကြတာပဲ၊ ခဏနေတော့ ကားပေါ် ဆွဲတင်ပြီး မောင်းထွက်သွားကြတယ်၊ သုံးစီးမြောက်ကားက မောင်းသူနဲ့ ဘေးက ထိုင်လိုက်တဲ့ နှစ်ယောက်က မလှုပ်တော့လို့ လူလဲပြီး မောင်းသွားကြတာကို တွေ့လိုက်တယ်” ဟု South Monywa PDF တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်သည် ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ရှိမည်ထင်သည့် နေရာများကို သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြပြီး မုံရွာဘက်သို့ ဆက်လက်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။

ယနေ့နံနက် နောက်ဆုံးရရှိထားသည့် သတင်းများအရ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံ ရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း South Monywa PDF တာဝန်ရှိသူ Daung Karyan ကပြောကြားသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကားများအပြင် အိမ်စီးကားများဖြင့် ဖြတ်သန်းသွားလာမှုများရှိနေ၍ လမ်းတစ်လျှောက်တွင်ရှိသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် အဆိုပါ လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာ နေသည့် ပြည်သူများအား ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည်။ မဖြစ်မနေသွားလာရမည့် ပြည်သူများအနေဖြင့်မူ ကာကွယ်ရေး တပ်ဖွဲ့များကို အကြောင်းကြား၍ သွားလာကြရန်နှင့် မော်တော်ယာဉ်များကို မှန်ချမောင်းနှင်ကြရန် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#မုံရွာ

#စစ်ကောင်စီတပ်

#အိမ်စီးကား

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly