မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်းကြောင်း NUG ထုတ်ပြန်

September 3

မဇ္စျိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ မြို့နယ်သုံးမြို့နယ်တွင် ပြည်သူရဲ့တပ်ဖွဲ့များဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ရဲ့တပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄(ခ) အရ ပြည်သူ့ရဲ့တပ်ဖွဲ့ လက်အောက်တွင် ကလေးမြို့နယ် ရဲတပ်ဖွဲ့ ၊ တမူးမြို့နယ်ရဲတပ်ဖွဲ့ နှင့် ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့ တို့ အားဖွဲ့စည်းလိုက်ကြောင်း ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

“အခု လုပ်နေရတဲ့ ရဲလုပ်ငန်းက အရင် ရဲလုပ်ငန်းထက် ပိုထိရောက်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေပြီး သူတို့ကို တရားခံဖမ်းဆီးရာမှာ ကျနော်တို့က ချိတ်ဆက်ဆောင်ရွက်ရုံပါပဲ ၊ အဲဒီတော့ တပ်ဖွဲ့အင်အားဆိုတာထက် အားလုံးကရဲဖြစ်နေတယ်၊ ရဲလုပ်ငန်းကို ပံ့ပိုးနေတယ်လို့ သုံးသပ်လို့ရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲ တာဝန်ခံမှ ပြောသည်။

ယခုကဲ့သို့ တရားဝင်စာထွက်လာခြင်းအားဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုတွင် ပိုမိုလေးနက်လာသည်ဟု ထင်မြင်ကြောင်း ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့အနေဖြင့် တရားစီရင်ရေးလမ်းကြောင်းအတိုင်းသွားနေပြီး ထောင် ၊ တရားရေး အဖွဲ့ များ ဖွဲ့စည်းတည်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်ဟောင်းများအား ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေနှင့်အညီ အခြေပြုဖွဲစည်း ထားကြောင်း ဆိုသည်။

ကျေးရွာများတွင် အစိုးရ အခေါ် ပလဖ (ပြည်သူ့လုံခြုံရေးတပ်ဖွဲ့) တစ်နည်းအားဖြင့် ရပ်ကျေးရဲများအား လုပ်ထုံးလုပ်နည်းများ သင်တန်းပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းတို့ ကလေးမြို့ပြည်သူရဲများအနေဖြင့် အလှူခံသော သီးသန့်လုပ်ငန်းစဉ် မရှိသောကြောင့် NUG အစိုးအရအနေဖြင့် အနည်းဆုံး ရိက္ခာထောက်ပံ့ပေးနိုင်လျှင် အမြဲတမ်းတပ်ဖွဲ့ဝင်များ စုဆောင်းနိုင်ပြီး တပ်ဖွဲ့အနေဖြင့် အင်အားကောင်းလာမည် ဖြစ်ကြောင်း ဆိုသည်။

ပြည်သူရဲများအနေဖြင့် ဥပဒေနှင့်မညီသော လုပ်ရပ်များ မလုပ်မိနိုင်စေရန်နှင့် အင်အားအလွန်အကျွံသုံး ဖမ်းဆီးမှုများ မလုပ်မိရန် တာဝန်ခံကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေစိုးမိုးရေး ၊ ပြည်သူလူထု စိတ်နှလုံးချမ်းမြေ့စေရေးနှင့် တော်လှန်ရေးအား ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်နေကြောင်း၊ ဥပဒေနှင့်အညီ ရာဇဝတ်မှုများကို ကိုင်တွယ်သွားမည်ဖြစ်ပြီး အခြားဘက်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ အောင်မြင်စေရန် ပံ့ပိုးလုပ်ဆောင်သွားမည် ဖြစ်ကြောင်းဆိုသည်။

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ရာဇဝတ်မှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး အတတ်နိုင်ဆုံး လိုက်လံထိန်းချုပ်လျက်ရှိကြောင်း နှင့် လတ်တလော အခြား အမှုသေးများအား ကိုင်တွယ်နေကြောင်း သိရသည်။

သို့ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူအများစုမှာ မြို့တွင်းတွင် နေထိုင်ကြပြီး မြို့အား မထိန်းချုပ်နိုင်သေးသောကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးတွင် အခက်အခဲများရှိ နေကြောင်း ဆိုသည်။

စက်တင်ဘာလ ၁ရက်နေ့တွင် နတ်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလုပ်ကိုင်စဉ် မူးယစ်ဆေးဝါးရောင်းချသူ နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိပြီး ကလေးမြို့ပြည်သူ့ရဲထံ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီလာရောက်လွှဲပြောင်းခဲ့ခြင်းအား ကလေးမြို့နယ်တရားရေး အဖွဲ့သို့ တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ပုံစာ - ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးစဉ်

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တရားဥပဒေစိုးမိုးရေး

#NUG

#ပြည်သူ့ရဲတပ်ဖွဲ့

#တမူးမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required