ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄)အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံအဖြစ် NUG သတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄)အား အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံအဖြစ် NUG သတ်မှတ်

စက်တင်ဘာလ ၂ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄-၅၆) အား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတဒူဝါလရှီးလက ယနေ့ စက်တင်ဘာ၂ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာသည်။

ယာယီသမ္မတဒူဝါလရှီးလ က တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄-၅၆) ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧက ပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးကို ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သက်မှတ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော အဆိုပါမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်းအသုံးချခြင်းများအား တင်းကျပ်စွာ တားမြစ်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆၅)၏ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီ မံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်း သတ်မှတ်ချက် အမှတ်စဉ် (၅)၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉) ပါ၊ ဥပဒေပုဒ်မ၂(က)၊ (ခ) တို့နှင့်အညီ ထိုသို့ သတ်မှတ်ခြင်းဖြစ်ကြောင်း သမ္မတ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အပိုဒ်-၂ ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဟု ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် အဆိုပါ ခြံအမှတ် (၅၄)နှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေဆိုင်ခွဲဝေမှုအပေါ် နောက်ဆုံး အထူးအယူခံကို တင်သွင်းခဲ့သည်။ ဦးအောင်ဆန်းဦးတင်သွင်းခဲ့သည့် နောက်ဆုံးအထူး အယူခံကို စစ်ကောင်စီ၏ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံ၍ ဦးအောင် ဆန်းဦး၏ တောင်းဆိုချက်အတိုင်း အနိုင်ပေးခဲ့သည်။

ဦးအောင်ဆန်းဦး၏ တောင်းဆိုချက်မှာ အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့် ခြံအမှတ် (၅၄) အား လေလံတင်ရောင်းချ၍ ရရှိသည့်ငွေအား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝက်စီခွဲယူရန် ဖြစ်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly