စက်မှုဇုန်များတွင် စက်ရုံဝန်ထမ်းအသွင်ယူ၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှု များပြားနေဟုဆို

စက်မှုဇုန်များတွင် စက်ရုံဝန်ထမ်းအသွင်ယူ၍ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှု များပြားနေဟုဆို

September 2

ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန်အတွင်းရှိ စက်ရုံအချို့တွင် မူးယစ် ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများရှိနေကြောင်း အဆိုပါစက်မှုဇုန်ရှိ စက်ရုံဝန်ထမ်းများထံက သိရသည်။

မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်း လူတချို့သည် ဝန်ထမ်းအဖြစ် အသွင်ယူ၍ မူးယစ်ဆေးဝါးများ အရောင်းအဝယ်များ ပြုလုပ်နေခြင်းကို မန်နေဂျာ၊ စူပါဗိုက်ဆာနှင့် လိုင်းအကြပ်များပင် မပြောရဲ၊ မဆိုရဲ ဖြစ်နေကြောင်း သိရသည်။

“ စက်ရုံနာမည်တော့ ကျွန်တော် မပြောဘူးဗျာ။ အကယ်၍ စက်ရုံ ပိတ်လိုက်ရရင် အလုပ်သမားတွေ ထောင်ချီဒုက္ခရောက်သွားမယ်။ ဒီမင်္ဂလာဒုံစက်မှုဇုန်ဝင်းထဲမှာ စက်ရုံ တွေအများကြီးရှိတယ်။ အလယ်ပေါက်က စက်ရုံတွေဆိုရင်လူတိုင်း သိကြတယ်။ သူတို့တွေက စက်ရုံထဲမှာ အလုပ်လည်းကောင်းကောင်းမလုပ်ကြဘူး။ အိမ်သာဘက် ခြမ်းမှာ ဆေးအရောင်းအဝယ်လုပ်ကြတာ။ တချို့ကရပ်ကွက်ထဲပြန်ရောင်းကြတယ်။ အဓိကတော့ WY လို့ခေါ်တဲ့ ယာမ (မြင်းဆေး)ပဲ။ သူတို့ရောင်းနေတာကို စူပါဗိုက်ဆာက တွေ့လို့ မန်နေဂျာကိုသွားပြောတယ်။ မန်နေဂျာလည်းလာရော ဆေးရောင်းတဲ့ ကောင်တွေက မန်နေဂျာကို အိမ်သာထဲခေါ်သွားပြီး မသေချင်ရင် အေးအေး ဆေးဆေးနေ။ ငါတို့ဘာလုပ်လုပ် အာမချောင်နဲ့ ဆိုပြီးခြိမ်းခြောက်ကြတယ်။ အခုဆို မန်နေဂျာလည်း လုံးဝကိုမဟတော့ဘူး''ဟု အမည်မဖော်ပြလိုသည့် စက်ရုံဝန်ထမ်း တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အဆိုပါစက်မှုဇုန်အလယ်ပေါက်စက်ရုံများကြားရှိ ရေပြွန်ထဲတွင် ဆေးလွန်ပြီး သေနေသည့်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ စက်ရုံဝန်ထမ်း၏ပြောကြားချက်အရ သိရသည်။

ဝန်ထမ်းများစွာကိုအလုပ်အကိုင်များ ဖန်တီးပေးထားသည့် မင်္ဂလာဒုံစက်မှုဇုန်ဝင်း အတွင်းတွင် ကိုရီးယားအထည်ချုပ်၊ ထိုင်ဝမ်နှင့်တရုတ်ပိုင်စက် ရုံများရှိသလို မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့်စက်ရုံအလုပ်ရုံများရှိသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်

#မင်္ဂလာဒုံစက်မှုဇုံ

#မူးယစ်ဆေး

#သုံးစွဲရောင်းဝယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly