တရုတ်အပါအဝင် မဟာမိတ်နိုင်ငံများနှင့် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှ စတင် 

တရုတ်အပါအဝင် မဟာမိတ်နိုင်ငံများနှင့် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှ စတင် 
Photo - AFP

September 2

ရုရှနှင့် အနောက်အုပ်စုနိုင်ငံများကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံအချို့နှင့် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှနိုင်ငံက ကြာသပတေးနေ့တွင် စတင်သည်။ 

Vostok-2022 ဟု ခေါ်သော စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၇ ရက်နေ့အထိ ရှရှ အရှေ့ဖျားစွန်းရှိ မြေပြင်လေ့ကျင့်ကွင်းများနှင့် အရှေ့ဘက်ကမ်းရိုးတန်း ရေပြင်တို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ 

အနောက်အုပ်စု ထောက်ခံသော ယူကရိန်းကို စစ်ရေးစစ်ဆင်မှုများ ဆင်နွှဲ၍ ရုရှနိုင်ငံက အနောက်နိုင်ငံများနှင့် လိပ်ခဲတည်းလည်း အခြေအနေ ရင်ဆိုင်နေရချိန်၌ ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်လာခြင်းပဲ ဖြစ်သည်။ 

ကြာသပတေးနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရေး လေယာဉ်များ၊ လေယာဉ်ဖျက် စစ်လေ့ကျင့်မှုများနှင့် ဂျပန်ပင်လယ်ပြင်တွင် သဏ္ဍာန်တု မိုင်းရှင်းလင်းခြင်းများဖြင့် စစ်ရေးလေ့ကျင့်မှုကို စတင်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

“တိုက်ခိုက်ရေး ဝေဟင်တပ်စုဟာ လေကြောင်းပစ်မှတ်တွေကို ကြားဖြတ်ပစ်ချဖို့နဲ့ မြေပြင်ပစ်မှတ်တွေကို လေကြောင်းထိုးစစ်ဆင်ဖို့ စတင်လေ့ကျင့်သွားမှာ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်၌ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

စစ်လေယာဉ်များ ပျံတက်ပြီး အုပ်ဖွဲ့ပျံသန်းသွားပုံနှင့် Pantsir လေယာဉ်ဖျက်ယာဉ်များ စစ်ချီစစ်တက် လေ့ကျင့်သည့် ဓာတ်ပုံများကို ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ယခု စစ်ရေးလေ့ကျင့်မှုတွင် စစ်သည်အင်အား ၅၀,၀၀၀ ကျော်နှင့် စစ်လေယာဉ် ၁၄၀၊ စစ်သင်္ဘာ ၆၀ အပါအဝင် စစ်လက်နက်ပစ္စည်းပေါင်း ၅,၀၀၀ ကျော်ထက်မနည်း ပါဝင်မည်ဖြစ်ကြောင်း ရုရှက ပြောသည်။ 

ပါဝင်ကြသည့် နိုင်ငံများမှာ ရုရှ၏ အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ဆီးရီးယား၊ အိန္ဒိယနှင့် အဓိကမဟာမိတ် တရုတ်နိုင်ငံတို့ ပါဝင်ကြသည်။ 

ယခုကဲ့သို့သော စစ်ရေးလေ့ကျင့်မှုကို ၂၀၁၈ က နောက်ဆုံး ပြုလုပ်ထားခြင်း ဖြစ်သည်။ 

စစ်ရေးလေ့ကျင့်မှု၌ ပါဝင်မည့်အကြောင်း ဩဂုတ်လအတွင်းက အတည်ပြုရာ၌ တရုတ်နိုင်ငံက အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် “လက်ရှိ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေများနှင့် ဆက်စပ်မှု မရှိကြောင်း” ပြောခဲ့သည်။  

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly