ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးရန်လာသည့် ပျူအဖွဲ့ကို တန်ပြန်ခုခံခဲ့သည့် ပြည်သူများ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင်အမှုဖွင့်ခံရ

ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးရန်လာသည့် ပျူအဖွဲ့ကို တန်ပြန်ခုခံခဲ့သည့် ပြည်သူများ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင်အမှုဖွင့်ခံရ

မန္တလေး(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက် အတွင်းရှိ နေအိမ်များကို ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ပျူစောထီးများ ဦးဆောင်သည့် လူမိုက်သုံးဆယ်ခန့်က စက်ယန္တရားများဖြင့်ဝင်ရောက်ဖျက်ဆီးခဲ့သည်။

ထိုသို့ဖျက်ဆီးမှုကို မခံမရပ်နိုင်သည့် ဒေသခံများဘက်က တန်ပြန် ခုခံမှုများပြုလုပ်ခဲ့ရာ ပျူစောထီးလူမိုက်အဖွဲ့သည် မြေတူးစက်မောင်းသမား နှစ်ဦးကိုထား၍ ထွက်ပြေးခဲ့သည်။

ထိုသို့ နေအိမ်များကိုဖျက်ဆီးရန် ရောက်ရှိလာသည့် ပျူစောထီးနှင့် လူမိုက်အဖွဲ့အား တန်ပြန်ခုခံခဲ့သည့် ပြည်သူနှစ်ဆယ်ခန့်သည် ရဲစခန်းတွင် လီဆယ်တိုင်ကြား အမှုဖွင့်ခံ ထားရကြောင်း ဒေသခံများထံက သိရသည်။

“စစ်တပ်လာဝိုင်းထားလို့ မနေ့ကညကတည်းက ကျွန်တော်တို့ထွက်ပြေးခဲ့ရတယ်။ ဒီမနက်မှာတော့ ရဲစခန်းမှာ အမှု ဖွင့်ထားတယ်လို့ကြားရတယ်။ စုံစမ်းကြည့်တော့ လီဆယ် လုပ်ကြံပြီး တိုင်ထားတာတွေဖြစ်နေတယ်။ ဖွင့်ထားတဲ့ ပုဒ်မတွေကလည်း အများကြီးပဲ” ဟု စစ်ကောင်စီတပ်၏ရန်ကို ကြောက်၍ထွက်ပြေး တိမ်းရှောင် နေရသူတစ်ဦးက ပြောသည်။

အဆိုပါဒေသခံများကို မြို့ခံကုမ္ပဏီတစ်ခုက ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေ ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထားခြင်းဖြစ်ကြောင်းသိရပြီး ၎င်းကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက်များကို ရဲစခန်းဘက်က လျှို့ဝှက်ထားကြောင်း သိရသည်။

“သူတို့အလုပ်လုပ်နေတဲ့နေရာကို ကျွန်တော်တို့က ဝင်လာပြီး ဆဲဆိုတယ်လို့ တိုင်ထား ကြောင်းသိရတယ်။ နောက်ပြီးတော့ လေးခွတုတ်ဓားတွေနဲ့ ရန်ပြုတယ်။ ဘက်ဟိုး (မြေတူးစက်)ကို မီးရှို့တယ်တဲ့။ အဲဒီလိုတိုင်ပြီးအမှုဖွင့်ထားတယ်” ဟု အမှုဖွင့်ခံထားရ သည့် အခြေအနေနှင့်စပ်လျဉ်း၍ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းသည် အဆိုပါ ကုမ္ပဏီ၏တိုင်ကြားချက်ကြောင့် ဒေသခံပြည်သူနှစ်ဆယ်ခန့်အား အပြင်းအထန်နာကျင်စေမှု၊ လမ်းပိတ်ဆို့မှု ဆဲဆိုမှုအစရှိသဖြင့် ပုဒ်မငါးခုခန့်ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းသိရှိရသည်မှာ စစ်ကောင်စီနှင့် အကျွမ်းတဝင်ရှိသည့် ခရိုနီ တစ်ဦး၏ ခိုင်းစေချက်အရ နယ်မြေခံပျူစောထီးများနှင့် လူမိုက်များကို ငှားရမ်းကာ ဒေသခံများ၏ နေအိမ်များကို လက်နက်များဖြင့်ဝင်ရောက် ခြိမ်းခြောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required