ဂန့်ဂေါနယ်တွင် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ၊ PDF ၄ ဦးဒဏ်ရာရ

ဂန့်ဂေါနယ်တွင် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ၊ PDF ၄ ဦးဒဏ်ရာရ

ကော်သူးလေ(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ မကွေးတိုင်း ဂန့်ဂေါမြို့နယ်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း သိရသည်။ 
ဩဂုတ်လ ၁၈ ရက်မှစတင်ကာ အင်အား ၁၅၀ ခန့်ပါသည့် ခလရ (၅၅) စစ်ကြောင်းသည် ကလေး-ဂန့်ဂေါ လမ်းအတိုင်းချီတက်ကာ ဂန့်ဂေါနယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်းဖြစ်သည်။ 
အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဂန့်ဂေါ-ကလေးနယ်စပ် ဟံသာဝတီကျေးရွာမှ စတင်ထွက်ခွာခဲ့ ပြီး နှမ်းခါးရွာသို့အဖြတ်တွင် အသင့်စောင့်ဆိုင်းနေသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ကြ သဖြင့် တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက်ကတော့ ကားလမ်းနဲ့ တစ်မိုင်လောက်အကွာ တောတိုက်ထဲတွေထဲကနေပြီးတော့ ပြည်သူ တွေ၊ စစ်ရှောင်တွေကြားထဲတွေကနေပြီးတော့ ဖြတ်ပြီးသွားတာ၊ နှမ်းခါးကျတော့ သူတို့ရှောင်သွားလို့ မရ ဘူး။ အရှေ့ဘက်မှာမြစ်သာမြစ်ရှိတယ် အနောက်ဘက်မှာဆိုလည်း တောင်တွေကာထားတော့ နှမ်းခါးကို တိုက်ခိုက်ပြီးဖြတ်သွားတာ” ဟု ဂန့်ဂေါနယ်ထဲသို့ဝင်လာသည့်စစ်ကောင်စီတပ်နှင့် တိုက်ပွဲစတင်ဖြစ်ပွား ပုံကို PDF-GanGaw ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ထိုနေ့တိုက်ပွဲတွင် ၃ နာရီခန့်ကြာမြင့်ပြီး တောင်ခင်ရန်း နယ်မြေစခန်းမှ ၁၂၀ မမများဖြင့် ပစ်ကူပေးသည့် အတွက် ကာကွယ်ရေးတပ်ဖွဲ့များဆုတ်ခွာခဲ့ကြရသည်။
ထို့နောက်စစ်ကောင်စီတပ်သည် နှမ်းခါးရွာမှအလွန်တောတိုက်များအားဝင်ရောက်ကာ စစ်ဘေးရှောင် ပြည်သူများ၏ တဲများ၊ နှမ်း၊ စပါးနှင့် စားနပ်ရိက္ခာများအား မီးရှို့ဖျက်ဆီးသွားကြသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် မွေ့လယ်ရွာ၊ ၂၄ ရက်နေ့တွင် ကျောက်ဂူတောရကျောင်း ကမ်းမဲ့ချောင်းအနီး၊ ၂၅ ရက်တွင် ထယ်လှော်ရွာ၊ ၂၇ ရက်တွင် တင်းလဲကုန်း၊ ၂၈ ရက်တွင် မောက်လင်းရွာနှင့် ၂၉ ရက်တွင် ကျော်ရွာတို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး မစိုးရိမ်ရဒဏ်ရာများရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါ၏ တိုက်ပွဲသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
လဝက်နီးပါးကြာ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါနယ်မှထွက်ကာ ထီးလင်းဘက်သို့ဦးတည်သွားကြသည်။

မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့သည် အရှေ့ဘက်၌ပုံတောင်၊ အနောက်ဘက်၌ ချင်းတောင်တန်းတို့၏ စပ်ကြားတွင်တည်ရှိသော ကျဉ်းမြောင်းရှည်လျားသည့် မြေနိမ့်ဒေသဖြစ်ပြီး ယောလူမျိုးများနေထိုင်ကြ သည်။
ထိုနယ်တွင် အာဏာသိမ်းစစ်ကောင်စီ ခလရ(၅၀)၊ အမြောက်တပ်နှင့် ကပစ (၂၃) တို့ရှိပြီး နယ်မြေရဲစခန်း များဖြစ်သည့် တောင်ခင်ရန်း၊ ဟံသာဝတီနှင့် ကံရွာနယ်မြေစခန်းများတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင် ချလျှက်ရှိသည်။

ယခုတစ်ခေါက် စစ်ကြောင်းထိုးမှုအတွင်း နှမ်းခါး၊ မွေ့လယ်၊ ထယ်လှော်၊ တင်းလဲကုန်း၊ မောက်လင်း၊ ကျော်ရွာနှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထိုသို့စစ်ကြောင်းထိုးဝင်ရောက်မှုအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန အမှတ် (၁)စစ်ဒေသ၏ ကွပ်ကဲမှုလက်အောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ရခြင်းဖြစ်သည့် အတွက် စစ်ကောင်စီတပ်အထိနာကြောင်း PDF-GanGaw ပြန်ကြားရေးတာဝန်ခံကပြောသည်။

သို့သော် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်မှာကြီးမား လာဖွယ်ရှိပြီး ထိုလေကြောင်းတိုက်ခိုက်မှုအား ခုခံတိုက်ခိုက်နိုင်ရန် မစွမ်းနိုင်သေးကြောင်း၊ ဒေသခံများ အား လေကြောင်းအန္တရာယ်မှ ရှောင်တိမ်းရန်နည်းလမ်းများကိုသာ မျှဝေပေးနိုင်သေးကြောင်း PDF-GanGaw ပြန်ကြားရေးတာဝန်ခံကပြောသည်။

စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ

#ဂန့်ဂေါနယ်
#စစ်ကြောင်းထိုး
#PDF-GanGaw
#ခလရ(၅၅)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required