မြိုင်မြို့နယ်အတွင်း စခန်းချနေသည့် စစ်ကောင်စီစစ်ကြောင်းအား ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

မြိုင်မြို့နယ်အတွင်း စခန်းချနေသည့် စစ်ကောင်စီစစ်ကြောင်းအား ပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

မဇ္ဈိမ ။    ။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF) က ယနေ့ စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၃၁ရက် နေ့လယ် ၁၂နာရီ ၁၅မိနစ်ခန့်တွင် မြိုင် - ဗဟင်းလမ်းမကြီးပေါ်ရှိ   သင်းမရွာအနီးတွင် စခန်းချနေသည့် အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ခွေး (စစ်ကောင်စီတပ်) စစ်ကြောင်း လာတာကိုသိရပါတယ်။ ဒါကြောင့်  စောင့်ပြီးတိုက်နေတာ နှစ်ရက်ရှိပါပြီ။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နိုင်ခြေ ရှိတယ်” ဟု MVRF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် လေးနာရီကျော်ကြာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများ ရှိသော်လည်း အရေအတွက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော MVRF ၊ MPL ၊ ကိုချမ်း သပြေတောအဖွဲ့ ၊ နောက်နက် ၊ Myaing Fighten PCSY ၊ ကိုခိုင်လေးအဖွဲ့ ၊ မြိုင်နယ် ဒေသခံ ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြိးနောက် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် မြိုင်မြို့အနီးရှိ ဝက်ပုတ် (ပျုစောထီး) ရွာနှင့် ဝဲတူးစခန်းဘက်သို့ သွားနိုင်ကြောင်း တာဝန်ရှိသူကဆိုသည်။

ဩဂုတ်လ ၃၀ရက်၊ မွန်းလွဲ ၁နာရီအချိန်ခန့်ကလည်း မြိုင်မြို့နယ် ညောင်ပင်ဇောက် - ဝက်ဖိုရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဂျုတ်ကုန်းကျေးရွာ အနီးတွင် MVRF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ကျေးရွာအများစုရှိ ဒေသခံများမှာ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်သည် ပြည်သူပိုင် နွား ၊ ဆိတ် ၊ ဝက် ၊ ကြက်  များကို ပစ်ခတ်စားသောက်လျက်ရှိကြောင်း သိရသည်။ 

စာတည်း။    ။မောင်ကောင်း
စာမူတည်းဖြတ်။  ။ အောင်ကျော်ဖြိုး

#မကွေးတိုင်း
#မြိုင်မြို့နယ် 
#စစ်ကောင်စီတပ်
#ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့
#ဝင်ရောက်တိုက်ခိုက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required