စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ဗဟိုဘဏ်ဆို

စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ဗဟိုဘဏ်ဆို

September 1

မဇ္ဈိမ။ ။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့ဩဂုတ်လ ၃၁ရက် ညနေပိုင်းတွင် ထုတ်ပြန် ကြေညာသည်။

စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရောင်းချပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

"စက်သုံးဆီတင်သွင်းမှုအတွက် ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမယ်ဆိုတာပဲ ထုတ်ပြန်ချက်အရ သိရတယ်။ ထောက်ပံ့ပေးမယ်ဆိုတာကလည်း ရောင်းပေးမယ်ဆိုလိုတာ ထင်တယ်။ ဆီတင်သွင်းတဲ့ ကုမ္ပဏီတိုင်းကို ရောင်းပေးမှာလား။ ဘယ်နှုန်းထားနဲ့ ရောင်းပေးမှာလဲ ဆိုတာတော့ သေချာမသိရသေးဘူး" ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဗဟိုဘဏ်​၏ အဆိုပါ ထုတ်ပြန်ချက်ကြောင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

"လက်ရှိပြင်ပက ဒေါ်လာဝယ်ပြီး ဆီတင်သွင်းရတဲ့အတွက် စက်သုံးဆီဈေးက အရမ်းမြင့်တက်နေတာ။ ဗဟိုဘဏ်က ဒေါ်လာ ထောက်ပံ့တာဖြစ်စေ သတ်မှတ်နှုန်းထားနဲ့ ရောင်းပေးတာဖြစ်စေ ဒါဆိုရင် ရက်ပိုင်းအတွင်း ဈေးကျနိုင်တယ်" ဟု ၎င်းကဆိုသည်။

ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟုသာဆိုထားပြီး မည်သည့်အကြောင်းအရာကိုမျှ ဖော်ပြထားခြင်းမရှိပေ။

ဩဂုတ်လ ၃၁ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄,၀၀၀ ကျပ်မှ ၄,၅၀၀ ကျပ် ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် ငွေလဲနှုန်းအနည်းငယ်‌ပြန်လည်ကျဆင်းကြောင်း၊ တစ်ဒေါ်လာလျှင် ငွေကျပ် ၄,၂၀၀ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဩဂုတ်လ ၂၇ရက်တွင် ဗဟိုဘဏ်က ကုန်စျေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေသည့် ပြင်ပအကြောင်းအရာများနှင့် စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာ ရရှိနိုင်ရေး ဘဏ်များ၊ စက်သုံးဆီ တင်သွင်းသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - ဩဂုတ်လအတွင်း ရိုက်ကူးထားသည့် ဆီစျေးနှုန်းများ

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စက်သုံးဆီစျေးနှုန်း

#စစ်ကောင်စီ

#ဗဟိုဘဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly