တရုတ်တပ်ဖွဲ့များ ပိုက်နက်အတွင်းဝင်လာပါက တန်ပြန်တိုက်ခိုက်မည်ဟု ထိုင်ဝမ် ဆုံးဖြတ်ချက်ချမှတ်

တရုတ်တပ်ဖွဲ့များ ပိုက်နက်အတွင်းဝင်လာပါက တန်ပြန်တိုက်ခိုက်မည်ဟု ထိုင်ဝမ် ဆုံးဖြတ်ချက်ချမှတ်

တရုတ်က ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်နေစဉ်မှာ ထိုင်ဝမ်က တရုတ်တပ်များ ၎င်းပိုင်နက်အတွင်းသို့ ဝင်ရောက်လာပါက ကိုယ်ပိုင်ကာကွယ်ရေးနှင့် တန်ပြန်တိုက်ခိုက်ခွင့်ကို ကျင့်သုံး သွားမည်ဟု ဩဂုတ် ၃၁ ရက်တွင် ပြောသည်။
 
ထိုင်ဝမ်အနီးတွင် တရုတ်က  ပြင်းထန်သောစစ်ရေးကင်းလှည့်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ထိုင်ဝမ်ရေလက်ကြားကို ၎င်း၏ အတွင်းပိုင်းပင်လယ်အဖြစ် ခွဲခြားလိုသော တရုတ်၏ ရည်ရွယ်ချက်သည် ဒေသတွင်း မတည်ငြိမ်မှု၏ အဓိကအကြောင်းရင်းဖြစ်လာမည်ဖြစ်ကြောင်း ထိုင်ဝမ်အရာရှိများက ပြောသည်။
 
“ကျွန်တော်တို့ ပင်လယ်ပြင်နဲ့ ရေမိုင် ၁၂ မိုင်အတွင်း ဝင်ရောက်လာတဲ့ လေယာဉ်နဲ့ သင်္ဘောတွေအတွက် အမျိုးသားတပ်မတော်က ကိုယ်ပိုင်ကာကွယ်ရေးနဲ့  တန်ပြန်တိုက်ခိုက်ခွင့်ကို ခြွင်းချက်မရှိ ကျင့်သုံးသွားမှာပါ”ဟု စစ်ဆင်ရေးနှင့်စီမံရေးဆိုင်ရာ စစ်ဦးစီးချုပ် လင်ဝမ်ဟွမ်က သတင်းထောက်များကို ပြောသည်။
 
တရုတ်ဒရုန်းများ ထိုင်ဝမ်ကမ်းရိုးတမ်း၏ ကျွန်းစုများအနီးတွင် ကြိမ်ဖန်များစွာ ပျံသန်းနေမှုကို ထိုင်ဝမ်က ဝေဖန်ပြစ်တင်ခဲ့သည်။
 
ခြိမ်းခြောက်မှုများပြုလုပ်ပြီးနောက် ပိုင်နက်အတွင်းမှထွက်ရန် သတိပေးချက်ကို မလိုက်နာခဲ့သော တရုတ်ဒရုန်းများကို ထိုင်ဝမ်စစ်တပ်က အလားတူတန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်သွားမည်ဟု လင်ဝမ်ဟွမ်က ပြောသည်။
 
သမ္မတစိုင်အင်ဝမ်က တရုတ်၏ရန်စမှုများအပေါ် ပြင်းထန်သောတန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ထိုင်ဝမ်စစ်တပ်အား ညွှန်ကြားပြီးနောက်ထိုင်ဝမ်က ဩဂုတ် ၃၀ ရက်က ပထမဆုံးအကြိမ်အဖြစ် တရုတ်ဒရုန်းများကို သတိပေးပစ်ခတ်ခဲ့သည်။
 
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်ရေတပ်မှ စစ်သင်္ဘော ၂ စင်း အပါအဝင်ဗြိတိန်နှင့် ကနေဒါတို့ ကဲ့သို့သော မဟာမိတ်နိုင်ငံများမှ သင်္ဘောများသည် မကြာသေးမီနှစ်များအတွင်း ရေလက်ကြားကို ဖြတ်ကျော်၍ ပုံမှန်ခုတ်မောင်းခဲ့ကြသည်။
 
ထိုင်ဝမ်စစ်တပ်သည် ကောင်းစွာ လက်နက်တပ်ဆင်ထားသော်လည်း တရုတ်စစ်တပ်နှင့်ယှဉ်လျှင် များစွာသေးငယ်နေဆဲ ဖြစ်သည်။ စိုင်အင်ဝမ်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ကြီးကြပ်နေကာ ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးအဖြစ် တိုးမြှင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly