တရုတ်အာဏာပိုင်များသည် ယခုနှစ်အာဏာရကွန်မြူနစ်ပါတီအစည်းအဝေးမတိုင်မီ ကိုရိုနာဗိုင်းရပ် ထိန်းချုပ်နိုင် ရေး အတွက် နှစ်ဆတိုးလုပ်ဆောင်နေချိန်မှာ တရုတ်နိုင်ငံရှိ မြို့ကြီးအများအပြားတွင် ဩဂုတ် ၃၀ ရက်က ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့မှုများကို အရှိန်ထပ်မြှင့်လိုက်သည်။
တာဝန်ရှိသူများက ဗိုင်းရပ်စ်အနည်းငယ်ကူးစက်မှုကို တားဆီးရန် အလျင်စလို လုပ်ဆောင်နေချိန်တွင် ပေကျင်း ဝန်းကျင် ဟဲပေပြည်နယ်ရှိ လူဦးရေ ၄ သန်းနီးပါးကို အိမ်၌နေရန် ညွှန်ကြားထားသည်။
အနီးရှိဆိပ်ကမ်းမြို့ တီယန်ကျင်းတွင် ရောဂါမပြင်းထန်သော အတည်ပြုလူနာ ၅၁ ဦးတွေ့ရှိပြီးနောက် မြို့နေ လူဦးရေ ၁၃ သန်းကျော်သည်ဒေသစံတော်ချိန် မနက် ၆ နာရီမှစကာ အစုလိုက် ရောဂါစမ်းသပ်မှု ခံယူရမည်ဖြစ်သည်။
လူဦးရေ ၂ ဒသမ ၅ သန်းရှိသော ရှန်ကျန်းဒေသ လောင်ဟွာတွင်လည်း ဩဂုတ် ၃၀ ရက်က ဖျော်ဖြေရေး နေရာများနှင့် ဈေးရုံကြီးများကို ပိတ်သိမ်းကာ ပွဲအစီအစဉ်များကိုလည်း ဆိုင်းငံ့ခဲ့သည်။
ပဲပိစပ်နှင့်သံသတ္တုရိုင်းများ အဓိကတင်သွင်းသော တရုတ်အရှေ့မြောက်ပိုင်းရှိ အဓိကဆိပ်ကမ်းမြို့ ဒါလီယန်တွင်လည်း လူဦးရေ ၃ သန်းဝန်းကျင်ရှိ မြို့ပြဧရိယာကို စက်တင်ဘာ ၄ ရက်အထိ အသွားအလာ ပိတ်ဆို့ထားသည်။
တရုတ်သည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆုပ်ကိုင်ထားသည့် တစ်ခုတည်းသော ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်ပြီးအသွားအလာပိတ်ဆို့မှု၊ ခရီးသွားလာရာတွင်ကန့်သတ်မှုနှင့် အစုလိုက် အပြုံလိုက်စမ်းသပ် စစ်ဆေးမှုများက စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေကာ တိုးတက်မှုကို နှောင့်နှေးစေသည်။
“ဒါမေပယ့် အိုမီခရွန်မျိုးကွဲဟာ မြို့ကြီးတွေကို တစ်ဖန် ပျံ့နှံ့လာတဲ့အတွက် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ အခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ပါတယ်" ဟု Nomura ဘဏ္ဍာရေးဝန်ဆောင်မှုအဖွဲ့မှ လေ့လာသုံးသပ်သူ တင်လျူက သုတေသနမှတ်စုတစ်ခုတွင် သတိပေးထားသည်။
တရုတ်တွင် ဩဂုတ် ၂၉ ရက်က ရောဂါလက္ခဏာပြအတည်ပြုလူနာ ၃၄၉ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၁၃၆၈ ဦးအပါအဝင် ပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁ ၇၁၇ ဦးတွေ့ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။