ပါကစ္စတန်တွင် အဟ်မဒီယာ လူနည်းစု ဖိနှိပ်ခံနေရမှုအပေါ် လူ့အခွင့်အရေးကော်မရှင် ပြစ်တင်ဝေဖန်

By The Print
29 August 2022
ပါကစ္စတန်တွင် အဟ်မဒီယာ လူနည်းစု ဖိနှိပ်ခံနေရမှုအပေါ် လူ့အခွင့်အရေးကော်မရှင် ပြစ်တင်ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု အသိုင်းအဝိုင်းဖြစ်သည့် အဟ်မဒီယာ အစုအဖွဲ့အပေါ် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်နေခြင်းနှင့် အကြမ်းဖက်မှုတို့ ဆက်ရှိနေခြင်းအပေါ် အဆိုပါနိုင်ငံ၏ လူ့အခွင့်အရေး ကော်မရှင် (HRCP) က ဩဂုတ် ၂၀ ရက်တွင် ပြစ်တင်ဝေဖန်လိုက်ပြီး တရားမျှတမှု ရရေးအတွက် တောင်းဆို လိုက်သည်။

ပန်ဂျပ်ပြည်နယ် ချန်နက်ဘ်နာဂါ မြို့တွင် အဟ်မဒီယာ အစုအဖွဲ့မှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့် ထိုးသတ်ခံရသည့် ဖြစ်စဉ် ဖြစ်ပြီးနောက် HRCP က အထက်ပါအတိုင်း ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံတွင် အဟ်မဒီယာ အစုအဖွဲ့အပေါ် ပစ်မှတ်ထား သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပေါ်နေစဉ် ယခုဖြစ်စဉ်က နောက်ထပ် ပေါ်ပေါက်လာသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
 
ပန်ဂျပ်ပြည်နယ် ဖြစ်စဉ်နှင့်အတူ နိုင်ငံတွင် အဟ်မဒီယာ အစုအဖွဲ့အပေါ် အကြမ်းဖက်မှုများ မြင့်တက်နေသည်ဟု HRCP က မှတ်ချက်ပြုခဲ့ပြီး ကျူးလွန်သူလက်သည်တရားခံများ တာဝန်ယူ၊ တာဝန်ခံရစေရေး လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်ဟု The News International က ဖော်ပြသည်။

အဟ်မဒီယာအစုအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နက်ဆီရာ အာမက်ဒ်နှင့် ၎င်း၏ ညီ မူနီယာတို့သည် အခင်းဖြစ်ပွားသည့် မနက်ပိုင်းက ဈေးဝယ်ထွက်စဉ် ချန်နက်ဘ်နာဂါ ဘတ်စ်ကားမှတ်တိုင်တွင် မတ်တပ်ရပ်နေသည့် မည်သူမည်ဝါ မသိရသော အမျိုးသားတစ်ဦးက ၎င်းတို့ကို တားပြီး အယူဘာသာကိုးကွယ်မှုနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို Dawn သတင်းစာက ကိုးကားဖော်ပြသည်။

ထို့နောက် သံသယရှိသူသည် ၎င်း၏ အိတ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး အာမက်ဒ်ကို တိုက်ခိုက်ခဲ့ရာ အာမက်ဒ်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထို့နောက် ဒေသခံများ အဆိုပါနေရာသို့ စုဝေးရောက်ရှိလာပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည့် သံသယရှိသူကို ဝိုင်းဖမ်းကာ အာဏာပိုင်များထံ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူသည် ချန်နက်ဘ်နာဂါ (ရာဘ်ဝါဟ်) အနီး ဒါရူလ် ရာမတ် နိုင်ငံအရှေ့ပိုင်းဒေသမှ ဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့် သမီးသုံးဦးတို့ ကျန်ရစ်ခဲ့သည်။ 

တရားခံဖြစ်သူသည် ၎င်းတို့ကို ဘာသာရေး အကြောင်းပြ ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတရားခံသည် လက်ယာစွန်း အစ္စလမ္မစ်ပါတီ တီရစ်-အီ-လာဘိတ်ခ် ပါကစ္စတန် (TLP) ကို ထောက်ခံသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သေးကြောင်း သေဆုံးသူ၏ ညီဖြစ်သူ မူနီရာက ပြောသည်။

ထို့ပြင် တရားခံသည် သေဆုံးသွားပြီဖြစ်သည့် TLP ခေါင်းဆောင် ခါဒင်းမ် ဟူစိန် ရစ်ဇ်ဗီ ကို အမွှမ်းတင်သည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သေးကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly