ပါကစ္စတန်တွင် ရဲတပ်ဖွဲ့ကို အပုပ်ချပြောဆိုမှုအတွက် ရုပ်သံသတင်းကြေညာသူ ဖမ်းဆီးထိန်းသိမ်းခံရ

ပါကစ္စတန်တွင် ရဲတပ်ဖွဲ့ကို အပုပ်ချပြောဆိုမှုအတွက် ရုပ်သံသတင်းကြေညာသူ ဖမ်းဆီးထိန်းသိမ်းခံရ

ပါကစ္စတန်နိုင်ငံတွင် အစ္စလမ်မာဘတ်မြို့ ရဲတပ်ဖွဲ့က ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် ပါတီခေါင်းဆောင် ရှာဘတ်ဇ် ဂီလ်ကို ကိုယ်ထိလက်ရောက်နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခဲ့ကြောင်း “မမှန်မကန် စွပ်စွဲမှု”အတွက် ဂျမီးလ် ဖာရူကီအမည်ရှိ ရုပ်သံသတင်းကြေညာသူတစ်ဦး ဩဂုတ် ၂၂ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရသည်။ 

ယင်းနောက် နာရီပိုင်းအကြာ မြို့တော်သို့ ခေါ်ဆောင်ခံရစဉ် မစ္စတာ ဖာရူကီက ၎င်းသည် ညှင်းပန်း နှိပ်စက်ခံရကြောင်းနှင့် နေရာတစ်နေရာတွင် ၁၂ နာရီကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း ပြောခဲ့သည်။

ကရာချိမြို့ တရားသူကြီးတစ်ဦးက မစ္စတာ ဖာရူကီကို အစ္စလမ်မာဘတ်မြို့တော်သို့ ပို့ဆောင်ရန် သုံးရက် အချိန်ပိုင်း ရမန်ပေးခဲ့ပြီးနောက် ၎င်းကို အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်သို့ လွှဲပြောင်းပေး ခဲ့သည်။

သို့သော်   ဖာရူကီသည် ရုပ်သံထုတ်လွှင့်မှု အစီအစဉ် အပြီးသတ်ပြီးနောက် အလုပ်မှ အိမ်သို့ ပြန်လာစဉ် ဩဂုတ် ၂၁ ရက် ညပိုင်းက ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း Bol ရုပ်သံဌာန အယ်ဒီတာချုပ် နက်ဇီရာ လက်ဂ်ဟာရီ နှင့် ဂျာနယ်လစ်အဖွဲ့တစ်ဖွဲ့က ပြောသည်။

ယင်းနောက် မစ္စတာ ဖာရူကီကို ပါကစ္စတန် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉ (အသရေဖျက်မှု) ၊ ပုဒ်မ ၅၀၀ (အသရေ ဖျက်မှုအတွက် ပြစ်ဒဏ်ပေးမှု) ၊ ပုဒ်မ ၅၀၁ (အသရေဖျက်မှုဖြစ်မည်ဟု သိရှိသော အကြောင်းအရာကို ပုံနှိပ်ခြင်း သို့မဟုတ် တံဆိပ်ထုခြင်း) နှင့် ပုဒ်မ ၁၈၆ (အစိုးရလုပ်ငန်းတာဝန်များ ဆောင်ရွက်နေသည့် အစိုးရဝန်ထမ်းကို အနှောင့်အယှက်ပေးခြင်း) တို့အောက်တွင် FIR (ပထမသတင်းပေးတိုင်ကြားချက်) ဖွင့်ခဲ့သည်။

ဖာရူကီ မည်သည့်နေရာတွင် ရောက်နေသလဲ ခေတ္တခဏမျှ မသိခဲ့ရသလို ၎င်း ဖမ်းဆီးထိန်းသိမ်းခံရသည် ဆိုသည့် သတင်းကို မီဒီယာသတင်းချန်နယ်များက ဩဂုတ် ၂၂ ရက် မနက်ပိုင်းတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

ယင်းနောက် အစ္စလမ်မာဘတ် ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖာရူကီကို အမည်တပ် ပြောဆိုခြင်း မရှိဘဲ အမျိုးသားတစ်ဦးကို ကရာချိမြို့မှ ဖမ်းဆီးလာခဲ့ကြောင်းနှင့် ၎င်းကို ဥပဒေအရ အရေးယူမှုများ ဆက်လက် လုပ်ဆောင်ရန် မြို့တော်သို့ ခေါ်ဆောင်ထားကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required