ပါကစ္စတန် လိုလားသူများကို ဖယ်ရှားရေး အာဖဂန်အာဏာပိုင်တို့ကို တာလီဘန်အရာရှိ တိုက်တွန်း

By Zee5
31 August 2022
ပါကစ္စတန် လိုလားသူများကို ဖယ်ရှားရေး အာဖဂန်အာဏာပိုင်တို့ကို တာလီဘန်အရာရှိ တိုက်တွန်း

အစ္စလမ္မစ်စော်ဘွားနွယ် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်အစိုးရအနေဖြင့် နိုင်ငံတကာအဝန်းအဝိုင်းတွင် သီးခြားအထီးကျန်ဖြစ်မှု အခြေအနေမှ နိုင်ငံကို ကယ်တင်နိုင်ရန် ပါကစ္စတန်လိုလားသော လူပုဂ္ဂိုလ်များကို ၎င်းတို့၏ ရာထူးနေရာများမှ ဖယ်ရှားသွားသင့်ကြောင်း တာလီဘန်အရာရှိတစ်ဦးက ဩဂုတ် ၂၃ ရက်တွင် အကြံပြုတိုက်တွန်းလိုက်သည်။

“လက်ရှိ တာလီဘန်အစိုးရရဲ့ အစိုးရအေဂျင်စီတွေမှာဆိုရင် ပါကစ္စတန်နိုင်ငံသားတွေ ဒါမှမဟုတ် ပါကစ္စတန်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့သူတွေနဲ့ ပြည့်နေပါတယ်။ တကယ်လို့ တာလီဘန် အာဏာပိုင်တွေအနေနဲ့ ပါကစ္စတန် လိုလားတဲ့သူတွေကို သူတို့ရဲ့ ရာထူးနေရာတွေကနေ မဖယ်ရှားဘူးဆိုရင် တာလီဘန်အာဏာပိုင်တွေဟာ နိုင်ငံတကာအလယ်မှာ ထပ်မံအထီးကျန်နေပါလိမ့်မယ်” ဟု တာလီဘန် မီဒီယာပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မက်ဖ်တီ အဗ္ဗဒူလ် ဟာကင်မ်က ပြောကြောင်း တောင်အာရှ မီဒီယာ သုတေသန ဌာန (SAMRI) က ဖော်ပြသည်။

ဟာကင်မ်သည် ရုပ်သံ ဆွေးနွေးပွဲများတွင် တာလီဘန်အဖွဲ့၏ အကျိုးတရားများနှင့်ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးနေသူဖြစ်သည်။

တာလီဘန်အစိုးရ လက်အောက်ရှိ အစိုးရအင်စတီကျူးရှင်းများတွင် ပါကစ္စတန်နိုင်ငံသားများ သို့မဟုတ် ပါကစ္စတန်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူများနှင့် ပြည့်နေကြောင်း ၎င်းက မကြာသေးခင်က ပြောခဲ့သည်။

 တာလီဘန်တို့အနေဖြင့် ၎င်းတို့၏ မူဝါဒကို အပြောင်းအလဲ မပြုလုပ်ဘဲ ပါကစ္စတန်လိုလားသူများကို ရာထူးနေရာများမှ မဖယ်ရှားပါက ၎င်းတို့အနေဖြင့် အထီးကျန်စွာရပ်တည်သွားရမည့် အလားအလာတစ်ရပ် ရှိနေကြောင်း ဟာကင်မ်က ရှမ်းရှားဒ် ရုပ်သံ ဆွေးနွေးပွဲတစ်ခုတွင်  ပြောသွားခဲ့သည်။

ပါကစ္စတန်နှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော အာဖဂန်တာလီဘန်တို့သည် ယခုအခါ နှစ်ဖက်အကြား သဘောကွဲလွဲမှုများ ရှိနေသည်။ ပါကစ္စတန်သည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုကျော်ကြာအတွင်း အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်နစ္စတန်အစိုးရတစ်ရပ်ကို တိုက်ခိုက်နေခဲ့သော တာလီဘန်တို့ကို ကူညီပံ့ပိုးပေးခဲ့သည်။ ထိုသို့ ကူညီပေးခဲ့သည့်အတွက် တာလီဘန်တို့က အစ္စလမ်မာဘတ်၏ ဆန္ဒများကို ပြန်လည်ဖြည့်ဆည်းပေးလိမ့်မည်ဟု တွေးထင်ထားသည့် ပါကစ္စတန်သည် မဟာဗျူဟာ အမှားကြီးတစ်ခုကို ကျူးလွန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly