လူသားစွမ်းရည် စိန်ခေါ်မှုနဲ့ ကြံုနေရတဲ့ မြန်မာနိုင်ငံအတွက် သြစတြေးလျက ပညာရေးအဓိက လုပ်ဆောင်နေ

လူသားစွမ်းရည် စိန်ခေါ်မှုနဲ့ ကြံုနေရတဲ့ မြန်မာနိုင်ငံအတွက် သြစတြေးလျက ပညာရေးအဓိက လုပ်ဆောင်နေ

သြစတြေးလျ သံအမတ်ကြီးနှင့် မဇ္ဈိမ အသေးစိတ် အင်တာဗျူး

မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျ သံအမတ်ကြီး မစ္စတာနစ်ကိုးလပ်စ်ကော်ပဲလ် (Mr. Nicholas Coppel) ကို မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က တွေ့ဆုံမေးမြန်းခဲ့ပြီး သြစတြေလျ မြန်မာ ဆက်ဆံရေး အပါအဝင် အကြောင်းအရာ မျိုးစုံကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ သူတို့နိုင်ငံက ဆက်လက် ပေးအပ် လျက်ရှိသော အကူအညီနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ မြန်မာ့ ရွေးကောက်ပွဲအပေါ် သူတို့နိုင်ငံက နှစ်ထောင်းအားရ ရှိပုံများကိုလည်း ပြောကြားခဲ့သည်။

မဇ္ဈိမ။ ။ ဖွံ့ဖြိုးရေး အစီအစဉ်တွေအကြောင်းနဲ့ စလိုက်ချင်ပါတယ်ခင်ဗျာ။ မြန်မာနဲ့သြစတြေလျ ဆက်ဆံရေးဟာ ဖွံ့ဖြိုးရေး အကူအညီ အစီအစဉ်တွေက အဓိကဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။ အခုအဲဒီအစီအစဉ်တွေ ဘယ်လို တိုးတက်မှုတွေ ရှိနေသလဲဆိုတာ ပြောပြနိုင်မလား ခင်ဗျာ။

သြစတြေလျသံအမတ်ကြီး။     ။ မြန်မာနိုင်ငံမှာ သြစတြေလျနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ အတော်များများ ရှိပါတယ်။ အများစုက ပညာရေးကဏ္ဍမှာပါ။ ဒီနေရာမှာ အများဆုံး ပေးနေပြီးတော့ သြစတြေလျဟာ ပညာရေး ကဏ္ဍအတွက် နှစ်နိုင်ငံ အကျိုးတူ အကူအညီအများဆုံး ပေးနေတဲ့ အလှူ ရှင်နိုင်ငံလည်း ဖြစ်ပါတယ်။ ပညာသင်ယူ ခွင့်ရရှိရေးနဲ့ ပညာအရည်အသွေး မြင့်မားရေးကို အဓိက ထား ဆောင်ရွက်နေပါတယ်။ ဆရာဖြစ်သင်တန်း၊ သင်ရိုးညွှန်းတမ်းနဲ့ ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွေလို ဟာမျိုးတွေပေါ့။

အကူအညီပေးရေး အစီအစဉ်ရဲ့ ဒုတိကဏ္ဍကတော့ အုပ်ချုပ်မှုပိုင်းကို ပေးတာပါ။ အင်စတီကျူး ရှင်းများ ခိုင်မာ တောင့်တင်းရေးမှာ ပေးနေပါတယ်။ ရွေးကောက်ပွဲမှာလဲ ရွေးကောက်ပွဲတွေ ထိထိ ရောက်ရောက် အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကူအ ညီတွေ ပေးခဲ့ပါတယ်။

တတိယအနေနဲ့ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ပေးနေတဲ့ အကူအညီ အထောက်အပံ့ တွေပါ။ ငြိမ်းချမ်းရေး မရဘဲ ဖွံ့ဖြိုးရေး လုပ်လို့မရပါဘူး။ ဒီနှစ်ခုဟာ ချိတ်ဆက်နေပါတယ်။ ငြိမ်းချမ်း ရေးနဲ့ စီးပွါးရေးဖွံ့ဖြိုးမှုဟာ ချိတ်ဆက်နေပါတယ်။ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင် သူတွေကို ကိုယ်ကဒီထဲမှာ မပါပေမယ့် ကူညီထောက်ပံ့ ပေးနေတာပါ။

ဒီဟာတွေကတော့ အဓိကပေးနေတဲ့ အကူအညီ အထောက်အပံ့ နယ်ပယ်သုံးခုပါ။ ဒါတွေအ ပြင် လူသားချင်း စာနာတဲ့ အကူအညီ အထောက်အပံ့တွေလဲ ပေးနေပါတယ်။ ပဋိပက္ခ ဖြစ်ပွားရာ ဒေသမှာရှိတဲ့သူတွေ၊ သဘာဝဘေးဒဏ် ခံရတဲ့သူတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက တချို့တွေဟာ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ရှိပြီးတော့ တချို့ကတော့ ထိုင်းနိုင်ငံ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာလည်း ရှိကြပါတယ်။ လူသားချင်း စာနာတဲ့ အကူအညီအောက်က ကျနော်တို့ပေးခဲ့တာ နမူနာပြရရင် လွန်ခဲ့တဲ့နှစ်က ရေကြီးတုန်းက ပေးခဲ့တဲ့အကူအညီတွေပါ။

မဇ္ဈိမ။ ။ ရေဘေးကျရောက်တုန်းက သံအမတ်ကြီးတို့ အနေနဲ့ ဘာတွေများ ပေးခဲ့ပါသလဲဗျ။

သြစတြေလျသံအမတ်ကြီး။     ။ အစိုးရက နိုင်ငံတကာကို အကူအညီတွေပေးကြပါလို့ မေတ္တာ ရပ်ခံလိုက်တာနဲ့ မိသားစုပစ္စည်းလို့ ခေါ်တဲ့ အိတ်ကလေးတွေ ဗူးကလေးတွေပို့ပေးပါတယ်။ အဲဒီထဲမှာ တကိုယ်ရည် ကျန်းမာရေးအတွက်လိုအပ်တဲ့ အခြေခံ ပစ္စည်းလေးတွေ ပါပါတယ်။ ကလေးတွေအ တွက် ပစ္စည်းတွေပါပါတယ်။ တဦးချင်းသုံး ပစ္စည်း ထည့်ထားတဲ့ ဗူးတွေထဲမှာတော့ စောင်တွေပါ ပါတယ်။ ဒါတွေက အရှေ့တောင်အာရှက ကျနော်တို့ရဲ့ သိုလှောင်ရုံတွေမှာ အဆင်သင့်လုပ်ထား တာတွေပါ။ ဒါတွေကို သြစတြေလျ လေတပ်လေယဉ်တွေနဲ့ မြန်မာပြည်ကို အမြန်သယ်ပို့ပါတယ်။ ရန်ကုန်ကနေ ရေကြီးရာ အရပ်တွေဆီ ဆက်ပို့ပါတယ်။

မဇ္ဈိမ။ ။ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက ဘယ်ဟာ အဓိကလို့ ထင်ပါသလဲ။

သြစတြေလျသံအမတ်ကြီး။     ။ စိန်ခေါ်ချက်တွေကတော့ အများကြီးပါ။ အဓိက တခုကိုပြော ပါဆိုရင်တော့ လူသား စွမ်းရည်က အဓိကကျတယ်လို့ ကျနော်ထင်ပါတယ်။ ဆိုချင်တာ ပညာရေးနဲ့  လူထုရဲ့ ကျွမ်းကျင်မှု ပိုင်းပါ။ ဒါကြောင့် ကျနော်တို့ ပညာရေးကို ဇောက်ချ လုပ်နေတာပါ။ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး အကူအညီကို ပညာရေးမှာ အဓိက ပေးနေတာပါ။ ဘာကြောင့်လဲဆိုတော့ ပညာတတ် အလုပ်တပ်ဖွဲ့ မရှိဘဲနဲ့ အောင်မြင်မှုရဖို့ သိပ်ခက်ပါတယ်။ ဘယ်ကိစ္စမှ မအောင်မြင်နိုင်ပါဘူး။ ကျွမ်းကျင်တဲ့ အလုပ်သမားတွေ အလုပ်တပ်ဖွဲ့တွေ မရှိဘဲနဲ့လဲ စီးပွားရေးဖွံ့ ဖြိုးဖို့ခက်ပါတယ်။ တရားရုံး တွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်တွေပဲဖြစ်ဖြစ်၊ ဆေးရုံတွေပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေး ကော်မရှင်ပဲဖြစ်ဖြစ်၊ အစိုးရဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေပဲဖြစ်ဖြစ်၊ နိုင်ငံတော် အင်စတီကျူးရှင်း အားလုံး ကောင်းမွန်စွာ လည်ပတ် လုပ်ကိုင်နေနိုင်ဖို့ လိုပါတယ်။ ဒီအင်စတီကျူးရှင်းတွေမှာ ပညာတတ်တွေ လိုပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေလိုပါတယ်။ ဒါကြောင့်လူသားစွမ်းရည်ကို ဖွံ့ဖြိုးအောင် ခိုင်မာအောင် လုပ်ပေးခြင်းဟာ အစိုးရအတွက်အရေးကြီးပါတယ်။ အစိုးရရော စီးပွါးရေး ရော နှစ်ခုလုံး ရှေ့ကိုခိုင်ခိုင်မာမာ အာကောင်းကောင်းနဲ့ တက်လှမ်းသွားနိုင်ရေး အတွက်လည်း အရေးပါပါတယ်။

မဇ္ဈိမ။ ။ သြစတြေလျနဲ့ မြန်မာနိုင်ငံတို့အကြား ပညာရေးဆိုင်ရာ ဆက်ဆံမှုမှာ တက္ကသိုလ်ချင်း ဆက်ဆံရေးရော ရှိသလားဗျ။ တက္ကသိုလ်ချင်း ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

သြစတြေလျသံအမတ်ကြီး။     ။ ကင်ဘာရာမှာ အခြေစိုက်တဲ့ သြစတြေလျ အမျိုးသားတက္က သိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တို့ အကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်။ နားလည်မှု စာချွန်လွှာလဲ ရှိထားပြီးပါပြီ။ တခြားတက္ကသိုလ်တွေလဲ ဒီမှာ ရှိတဲ့ တက္ကသိုလ်တွေနဲ့ ဆက်ဆံရေးတွေ ဆက်စပ်မှု တွေရှိနေပါပြီ။ ဒီကိစ္စဟာ အလွန်တိုးတက်နေတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော် ဒီမှာရှိနေတုံး တနှစ်အတွင်းဘဲ တက္ကသိုလ်ချင်း ဆက်ဆံရေးဟာ အတော် တိုးတက် လာတာကိုတွေ့ခဲ့ရပါတယ်။ အကူအညီ အထောက်အပံ့ပေးရေး အစီအစဉ်မှာပါတဲ့ ပညာသင် ထောက်ပံ့ကြေး အစီအစဉ်ကြောင့် လည်း ခုလိုဆက်ဆံရေးတွေ တိုးမြင့်လာတာပါ။ မြန်မာနိုင်ငံကနေ သြစတြေလျနိုင်ငံကို ပညာတော် သင်လာတဲ့သူ နှစ်တိုင်း အများအပြားရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ သြစတြေလျ အမျိုးသား တက္က သိုလ်တို့ ထိုးတာတဲ့ နားလည်မှုစာချွန်လွှာဟာ ပညာရေးအပိုင်းမှာသာ မဟုတ်ဘဲ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးပိုင်းကို ခိုင်မာတောင့်တင်းအောင် လုပ်ဖို့လည်းပါပါတယ်။

မဇ္ဈိမ။ ။ နိုဝင်ဘာလမှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲကို တွေ့ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုနဲ့ သူ့ပါတီ အနိုင်ရခဲ့တဲ့အပေါ်မှာရော ဘယ်လိုမြင်ပါ သလဲ။

သြစတြေလျသံအမတ်ကြီး။     ။ သြစတြေလျနိုင်ငံအပါအဝင် အလှူရှင် နိုင်ငံအတော်များများ က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကူအညီတွေ အတော်လေး ပေးခဲ့ကြပါတယ်။ သြစ တြေလျ နိုင်ငံကပေးတဲ့ အထောက်အပံ့ကတော့ အဓိကအားဖြင့် မဲရုံမှူးတွေကို သင်တန်းပေးခဲ့တာပါ။ ဒီသင်တန်းအတွက် သင်တန်းလက်စွဲ စာစောင်တွေ ပြုစုခဲ့ပါတယ်။ နိုင်ငံအနှံ့အပြားမှာ ဒီသင်တန်းတွေ ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲမဲရုံတွေ ထိထိရောက်ရောက် လည်ပတ်လုပ်ကိုင် နိုင်ခဲ့တာပါ။ ဒီအကူအညီ တွေကြောင့်ပဲ၊ ဒီလိုပဲ တခြားအလှူရှင်တွေ ပြည်ထောင်စု အစိုးရကို ပေးခဲ့တဲ့ အကူအညီတွေကြောင့်ပဲ အခုလိုရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့နိုင်တာကို မြင်ရလို့ ကျနော်ကျေနပ်ပါတယ်။ ပြည်သူတွေရဲ့အသံကို ကြားခဲ့ရတာတော့ သေချာပါတယ်။ သြစတြေလျနဲ့ အခြားနိုင်ငံတွေကလည်း ပြည်သူတွေရဲ့ အသံကို လေးစားကြပါတယ်။ အစိုးရသစ် တာဝန်ယူတဲ့အခါ အတူတကွ ပူးပေါင်း လုပ်ကိုင် နိုင်လိမ့်မယ်လို့ကျနော်တို့ မျှော်လင့်နေပါတယ်။

မဇ္ဈိမ။ ။ ကျနော် အမှတ်မမှားဘူးဆိုရင် သံအမတ်ကြီး ဒီမှာရောက်တာ ၂ နှစ်နီးပါးရှိပါပြီ။ မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အပေါ်ရော ဘယ်လိုမြင် ပါသလဲ။

သြစတြေလျသံအမတ်ကြီး။     ။ စိန်ခေါ်မှုတွေကတော့ အများကြီးပါ။ လူသားစွမ်းရည်အ ကြောင်း ကျနော်ပြောခဲ့ပါပြီ။ ဒါကတခုပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း နောက်ထပ် အရေးကြီးတဲ့ စိန်ခေါ်မှုတခုပါပဲ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပေမယ့် အကုန် လုံးတော့ ပါဝင်မလာသေးပါဘူး။ ဒီဖြစ်စဉ်ရှေ့ကို ဆက်သွားနေဖို့ အရေးကြီးပါတယ်။ သက်ဆိုင်သူ အားလုံးက ကျေနပ်လက်ခံမယ်ဆိုရင် ရှေ့ကို အမြန်ဆက်သွားဖို့ လိုပါတယ်။ ငြိမ်းချမ်ရေး မရှိဘဲနဲ့ ဖွံ့ဖြိုးရေးလည်း လုပ်လို့မရဘူးလို့ ရှေ့မှာကျနော် ပြောခဲ့တဲ့ အတိုင်းပါပဲ၊ အထူးသဖြင့် ပဋိပက္ခ ဖြစ်နေ တဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်လို့ မရပါဘူး။ အစိုးရရော အလှူရှင်တွေရောက ဒီနေရာတွေမှာ ပညာ ရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုပြီးပေးချင်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခ ဖြစ်နေလို့ပေးလို့မရပါဘူး။ ဒါ ဟာပြည်သူတွေကိုဘဲ ထိခိုက်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ အရေးကြီးတဲ့ စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

ဒီမိုကရေစီ နိုင်ငံအားလုံးမှာရော အသွင်ကူးပြောင်းရေး ဖြစ်ပေါ်နေတဲ့ နိုင်ငံအားလုံးမှာရော အစိုးရအသစ် ပြောင်းရင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တခုကို ဖြတ်သန်းရပါတယ်။ စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒါတွေနဲ့ပတ် သက်လို့ ကျနော်တို့မှာ အတွေ့အကြုံတွေ ရှိပါတယ်။ မြန်မာနိုင်ငံ အတွက်က တော့ အသွင်ကူးပြောင်းရေးဟာ ပထမဆုံးဖြစ်လို့ ဒီဖြစ်စဉ်ရှေ့ကို ဆက်သွားနေတာနဲ့အမျှ ကျနော်တို့ အတွက် လေ့လာစရာအသစ်တွေ ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အသက်ဝိဉာဉ်က အဲဒီမှာ ရှိတာပဲလို့ ကျနော်ထင်ပါတယ်။ ဘက်အားလုံးက ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျနော်တို့မြင်ခဲ့ရပါ ပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်းကလဲ ဒီဖြစ်စဉ်ကို ကူညီထောက်ပံ့ဖို့ အလွန်စိတ်ဆန္ဒ ပြင်းပြနေတယ်လို့ ကျနော်ထင်ပါတယ်။

မဇ္ဈိမ။ ။ စစ်တပ်ရဲ့ အခန်းကဏ္ဍကရောဗျ။ သံအမတ်ကြီးတို့ သံရုံးရဲ့ စစ်သံမှူးကတဆင့်  မြန်မာ စစ်တပ်နဲ့ အဆက်အဆံ သေချာပေါက်ရှိမှာလို့ ကျနော်ထင်ပါတယ်။ မြန်မာစစ်တပ်နဲ့ သြစတြေလျနိုင်ငံ ဘယ်လို ဆက်ဆံမှုတွေ ရှိပါသလဲ။

သြစတြေလျသံအမတ်ကြီး။     ။ အတော်လေး အကန့်အသတ်ရှိတဲ့ ဆက်ဆံမှုပါပဲ။ နိုင်ငံတ ကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ကိစ္စ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေလို နယ် ပယ်တွေမှာပဲ ကျနော်တို့ အာရုံစိုက် လုပ်ကိုင်ပါတယ်။ သင်တန်းတွေ၊ တိုက်ခိုက်ရေး သင်တန်းတွေလို ဟာမျိုးတွေ မရှိပါဘူး။ တိုင်းပြည်မှာ ခုအတိုင်းရှေ့ကို ဆက်ရွေ့နေတယ်ဆိုရင် တခြား အကူအညီတွေလဲ ကျနော်တို့ ပေးလာနိုင်လိမ့်မယ် လို့ အခွင့်အရေး ရလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ စစ်တပ်ကို ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ် အောင် လုပ်ပေးဖို့ ကျနော်တို့ ကူညီနိုင်ပါလိမ့်မယ်။ ဆိုချင်တာက မြန်မာ စစ်တပ်ဟာ တခြားနိုင်ငံတွေ က စစ်တပ်တွေရဲ့ စံနှုန်းတွေအတိုင်း ဖြစ်နေဖို့ပါဘဲ။ ပြည်ပအန္တရာယ် ကာကွယ်ရေးနဲ့ အရပ်သား အုပ်ချုပ်မှုကို လေးစားလိုက်နာရေးလို ကိစ္စတွေမှာ အထူး အလေးပေး ဆောင်ရွက်မှာဖြစ်ပါတယ်။

မဇ္ဈိမ။ ။ အကြမ်းဖက် ဝါဒဟာ အခုအချိန်မှာ အရေးကြီး ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာနေပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက် သမားတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ မြန်မာစစ် တပ်နဲ့ ဘာတွေများဆက်ဆံ ဆောင်ရွက်နေတာရှိပါသလဲ။

သြစတြေလျသံအမတ်ကြီး။     ။ ဟုတ်ပါတယ်။ အကြမ်းဖက်ဝါဒ အန္တရာယ်ဟာ ကမ္ဘာလုံးဆိုင် ရာ ပြဿနာ ဖြစ်လာနေပါပြီ။ ဒါကိုအနိုင်တိုက်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ဒီနိုင်ငံတကာ အကြမ်းဖက်အန္တရာယ်ကို မြန်မာနိုင်ငံက လွန်ခဲ့တဲ့ နှစ်အနည်း ငယ်အတွင်း ကြီးကြီးမားမား မကြုံခဲ့ရသေးပါဘူး။ စိန်ခေါ်မှုတွေက ပြည်တွင်းမှာ ဆက်လက် ဖြစ်ပေါ် နေတဲ့ ပြည်တွင်းပဋိပက္ခတွေကပဲ အဓိက လာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျနော်တို့ ထောက်ပံ့ကူညီနေတယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီဖြစ်စဉ်မှာ ပါဝင်သူ တွေ မဟုတ်ပေမဲ့ အခြား ပါဝင်သူအားလုံးကို အကူအညီ အထောက်အပံ့ ပေးပါတယ်။ ဒီနည်းနဲ့ မြန်မာ နိုင်ငံတွင်း တည်ငြိမ်မှုရအောင် တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်ပေးသွား နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

 ဆက်လက်ဖော်ပြပါမည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly