ရေစကြိုနယ်မှ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ် မြောင်နယ်သို့ စစ်ကြောင်းထိုး၊ ပြည်သူ ၂ ဦး သေဆုံး

ရေစကြိုနယ်မှ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ် မြောင်နယ်သို့ စစ်ကြောင်းထိုး၊ ပြည်သူ ၂ ဦး သေဆုံး

ကော်သူးလေ(မဇ္ဈိမ)။  ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ အင်အား ၈၀ နီးပါးရှိ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သို့ ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက်အစောပိုင်းက စစ်ကြောင်းထိုးဝင်ရောက် လာကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ - CDSOM ဦးဆောင်သူ ကိုနွေဦးထံမှ သိရသည်။

အဆိုပါစစ်ကြောင်းမှာ မြောင်နယ်သို့ ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိ တွင် ကျောက်ရစ်ကျေးရွာအနောက်ဘက်ရှိ ဘုရား၌တပ်စွဲအထိုင်ချလျှက်ရှိသည်။

လွန်ခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်ရစ်ကျေးရွာသို့ မုံရွာနမခမှ လေကြောင်းဖြင့် စစ်ကောင်စီတပ်သား ၄၀ ကျော် လာရောက်ချထားကာ အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့သေးသည်။

ယနေ့ ရေစကြိုမှဝင်ရောက်လာသည့်စစ်ကြောင်းမှာ ၎င်းတို့နှင့်အတူ ၆၀ မမ၊ ၈၀ မမ၊ စက်လတ်များနှင့် လက်နက်ငယ်များပါယူဆောင်လာကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့မှာ ၎င်းတို့အထိုင်ချရာ ကျောက်ရစ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ဇီးကျွန်းကျေး ရွာသို့ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ၆၀ မမ လက်နက်ကြီးနှင့် နှစ်ကြိမ်ပစ်ခတ်ရာ ရွာမြောက်ပိုင်း နှင့် ရွာလယ်သို့ကျရောက်ပေါက်ကွဲခဲ့သည်။

“အဲဒီဘုရားကနေ ဇီးကျွန်းရွာထဲက လှမ်းပစ်လိုက်တာ။  ပထမတစ်လုံးပစ်တာ ဆေးခန်းနားမှာကျတယ်။ ရွာသားတွေထွက်ပြေးကြတဲ့အချိန်မှာ နောက်တစ်လုံးထပ်ပစ်တယ်။ ရွာလယ်ခေါင်မှာကျတာ နှစ်ယောက် ကပွဲချင်းပြီးသေသွားတယ်။ ခြေထောက်တွေအောက်ပိုင်းတွေထိတာ။ ခြေထောက်တွေလည်း ပြတ်တယ်” ဟု CDSOM ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်စွာသိန်းနှင့် အသက် ၄၀ ဝန်းကျင်ရှိ ဦးခင်မောင်ဦး တို့ ခန္ဓာကိုယ်အနှံ့အသားပွင့်ထွက် ပေါက်ပြဲဒဏ်ရာများနှင့် နေရာမှာပင် သေဆုံးခဲ့ရသည်။ အသက် ၅၅ နှစ်အရွယ် ဒေါ်နွဲ့ရီမှာလည်း တင်ပါးဆုံထိခိုက်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရသည်။

ဇီးကျွန်းကျေးရွာမှာ အိမ်ခြေ ၂၇၀ ၊ လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်ပြီး လတ်တလောတွင် အခြားရွာများမှ စစ်ဘေးရှောင် ဦးရေ ၂၀၀ ခန့်ပါ မှီခိုနေထိုင်နေကြသည့်ကျေးရွာဖြစ်သည်။

လက်ရှိ မြောင်မြို့နယ်၌ ကျောက်ရစ်ကျေးရွာစခန်းတွင် ကနဦးအထိုင်ချထားသည့်တပ်ဖွဲ့၊ မုံရွာ နမခမှ ထပ်တိုးတပ်ဖွဲ့၊ ရေစကြိုမှဝင်လာသည့်တပ်ဖွဲ့အပြင် မြောင်မြို့ပေါ်မှစစ်ကောင်စီတပ်များလည်း တပ်စွဲ လျှက်ရှိသည်။

ထို့ပြင် မြင်းမူမြို့နယ် ဂွေးပင်တောနှင့် လတ္ထုတ်တောကျေးရွာဘက်မှလည်း စစ်ကောင်စီအင်အား ၅၀ ကျော်ခန့် မြောင်နယ်သို့ စစ်ကြောင်းထိုးရန် ဟန်ပြင်လျှက်ရှိကြောင်း ကိုနွေဦးက ပြောသည်။

သို့ဖြစ်၍ မြောင်နယ်အတွင်း ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည့်အနေအထားဖြစ်၍ ပြည်သူ များသတိပြုနေထိုင်ကြရန် ကာကွယ်ရေးတပ်ဘက်က အသိပေးပြောဆိုထားသည်။

စာတည်း။ ။ စောဖေ
စာမူတည်းဖြတ်။ ။ စောဖေ

ပုံ- ကိုနွေဦး (မြောင်)

#စစ်ကိုင်းတိုင်း
#မြောင်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required