နေပြည်တော် အိမ်ခြံမြေဈေး ၂ ဆနီးပါး မြင့်တက်

နေပြည်တော် အိမ်ခြံမြေဈေး ၂ ဆနီးပါး မြင့်တက်

August 31

မဇ္စျိမ။ ။နေပြည်တော်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေကွက်ဝယ်ယူလိုသူ ပိုမိုများပြားလာမှု၊ ငွေကြေးဖောင်းပွလာမှုတို့ကြောင့် နေပြည်တော် အိမ်ခြံမြေဈေးနှုန်းများမှာ နှစ်ဆနီးပါး မြင့်တက်လာကြောင်း နေပြည်တော်အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းထံက သိရသည်။

“စစ်အာဏာသိမ်းပြီးတည်းက လူတွေက ငွေတွေကို လက်ထဲမှာ မထားချင်တဲ့အတွက်ကြောင့် ဝယ်လိုအားကတော့ တအားများတယ်။ ဝယ်လိုအားများတဲ့အတွက် အရင်ကထက်စာရင် အများကြီးရောင်းကောင်းပါတယ်။ ဈေးတွေကလည်း အများကြီး နှစ်ဆလောက်ခုန်တက်သွားတယ်”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

နေပြည်​တော် ရှစ်မြို့နယ်တွင် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ပျဉ်းမနားမြို့နယ်တို့တွင် ပိုမိုပြီး အ​ရောင်းအဝယ်ဖြစ်​​နေ​ကြောင်း သိရသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၌ ယေဘုယျအားဖြင့် ပေ ၆၀ ပတ်လည် မြေကွက်တစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၆၅၀ ဝန်းကျင် ပေါက်ဈေးရှိပါက လက်ရှိတွင် ကျပ်သိန်း ၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

ပုဗ္ဗသီရိမြို့နယ်ရှိ အိမ်ခြံမြေများမှာ ဈေးသက်သာသောကြောင့် ငွေပမာဏများများမလိုက်နိုင်သူများက ပိုမိုဝယ်ယူကြပြီး ဒက္ခိဏသီရိမြို့နယ်ရှိ မြေကွက်များမှာမူ ယခင်က လူကြိုက်နည်းခဲ့သော်လည်း ကျောက်မျက်စီမံကိန်းကြောင့် လက်ရှိတွင် အရောင်းအဝယ်သွက်လာကြောင်း ၎င်းက ဆိုသည်။

​ထို့အတူ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းနံဘေးရှိ သမ္မတဟောင်း ဦးသိန်းစိန်၏ လယ်မြေများရှိရာ သမ္မတလယ်တောဟု လူသိများသည့်​ နေရာတဝိုက် လယ်မြေများမှာလည်း ဈေးနှုန်းမြင့်တက်လာလျက်ရှိသည်။

အဆိုပါ ရာဇဌာနီလမ်းမကြီးဘေးရှိ မြေများကို တစ်ဧကလျှင် ကျပ်သိန်း ၈၀၀ ၊ ကျပ်သိန်း ၁,၀၀၀ စသည်ဖြင့် ခေါ်ဈေးရှိနေကြောင်း ရွာခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေဈေးနှုန်းမြင့်တက်လာမှုကြောင့် ရွာခံအချို့က လမ်းမဘေးရှိလယ်မြေများကို ရောင်းချပြီး အတွင်းဘက်ရှိလယ်များကို ပြန်လည်ဝယ်ယူမှုများရှိကြောင်း ၎င်းက ဆက်ပြောသည်။

“လမ်းဘေးမြေကတော့ လယ်ဖြစ်ဖြစ်၊ ယာဖြစ်ဖြစ် လောလောဆယ် အဲ့ဒီနေရာမှ မဟုတ်ပါဘူး။ ကျန်တဲ့နေရာတွေလည်း အရောင်းအဝယ်ဖြစ်နေတယ်။ ပြောချင်တာကတော့ အခုချိန်က အိမ်ခြံမြေကဏ္ဍမှာ မြို့မြေရော၊ ရွာ​မြေစီးပွား​ရေးလုပ်လို့ရတဲ့​နေရာ​ရော ၊လယ်မြေတွေရော၊ ယာမြေတွေရော အရောင်းအဝယ်သွက်နေတာဗျ”ဟု အိမ်ခြံမြေအကျိုးဆောင် နောက်တစ်ဦးကပြောသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်း၊ ဘဏ်များတွင် ငွေသိမ်းဆည်းထုတ်ယူရာတွင် အခက်အခဲများရှိခြင်းတို့အပြင် နေပြည်တော်တွင် လျှပ်စစ်မီးမှန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေခြင်း၊ အိမ်ခြံမြေဈေးမှာ ရန်ကုန်၊ မန္တလေးမြို့များနှင့် နှိုင်းယှဉ်ပါက ဈေးသက်သာခြင်း၊ လုံခြုံ​ရေးအ​ခြေအ​နေ​ကြောင့် ​ပြောင်း​ရွှေ့လာကြခြင်း စသည့် အခြေအနေများကြောင့် ဝယ်လိုအားလည်း နှစ်ဆမြင့်တက်လာခြင်းဖြစ်​ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။

"​​တချို့​နေရာ​တွေမှာ နှစ်ဆခွဲ၊ တစ်ချို့​နေရာ​တွေမှာ နှစ်ဆ(​စျေးနှုန်း)။ ဥပမာ ၅၀၀ တန်က ၁,၀၀၀။ တချို့​နေရာ​တွေကျ​တော့လည်း ဥပမာ ဧရာဝတီလမ်းဆိုရင် သုံး၊ ​လေးဆ​ပေါ့။ အဲ့ဒီလိုမျိုး​ပေါ့။ ​နေရာနဲ့​တော့ မတူဘူး​ပေါ့။ အနည်းဆုံး​တော့ နှစ်ဆတက်သွားတာ​ပေါ့"ဟု ဆိုသည်။

လက်ရှိတွင် နေပြည်တော်ရှိ မြို့နယ်အများစုတွင် ဝယ်လိုအား တက်နေသော်လည်း စစ်ကောင်စီရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်မှာမူ အရောင်းအဝယ်အနည်းပါးဆုံး ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#နေပြည်တော်

#အိမ်ခြံမြေစျေးကွက်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly