ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လူနေအိမ် ၈၀နီးပါးနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လူနေအိမ် ၈၀နီးပါးနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

August 30

မဇ္စျိမ ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းသည် ပြည်သူပိုင်ပစ္စည်းများနှင့် လူနေအိမ် ၇၉လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ဂန့်ဂေါမြို့နယ်) မှ ဩဂုတ်လ ၂၉ရက်နေ့တွင် ထုတ်ပြန်သည်။

ကလေးမြိုနယ်ဘက်မှ လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့ သွားလာရာလမ်းတစ်လျှောက် တွင် အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ဒီတစ်ခေါက်ကတော့ ရွာထဲလူနေအိမ်မီးရှို့ခံရတာ လေးရွာ ၊ စစ်ရှောင်တဲတွေ ဖျက်ဆီးခံရတာ နှစ်ရွာပါဗျ ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက လမ်းကြောင်းကျတဲ့ ရွာတွေအားလုံးနီးပါး တိမ်းရှောင်နေကြရပါတယ်” ဟု ပကဖ(ဂန့်ဂေါမြို့နယ်) တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၂၇ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထယ်လှော်ကျေးရွာတွင် လူနေအိမ် ၁၄လုံး ၊ မော်တော်ကားတစ်စီးကို မီးရှို့ခဲ့ပြီး ဩဂုတ်လ ၂၈ရက်နေ့၌ မောက်ကျေးရွာရှိ သက်ကြီးပိုင်း ပြည်သူနှစ်ဦးအား အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပြီး လူနေအိမ် ၃၂လုံး မော်တော်ကား လေးစီး ကိုမီးရှို့ဖျက်ဆီးခဲ့ကြကာ မောက်လင်ကျေးရွာတွင် လူနေအိမ် ၂၅လုံးကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဩဂုတ်လ ၂၉ရက်နေ့တွင် ကျော်ရွာ၌ လူနေအိမ် ရှစ်လုံးအားလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ လူနေအိမ်နှင့် မော်တော်ကားများအပြင် အဆိုပါကျေးရွာများမှ ဆန်စပါး ၊ နှမ်း ၊ စသောကောက်ပဲသီးနှံများ ၊ လယ်တောတဲများ ၊ နွား၊ စာတိုက်များ ၊ စပါးကျီများ ၊ မော်တော်ဆိုင်ကယ်များ စသည့် ပြည်သူပိုင်ပစ္စည်းများစွာကို မီးရှိုဖျက်ဆီးခဲ့ကြကြောင်း ဆိုသည်။

ပျက်စီးမှု ဆုံးရှုံးမှုအသေးစိတ်နှင့် တန်ဖိုးကို ဂန့်ဂေါ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးသိရှိရသော သတင်းများအရ မီးရှို့ဖျက်ဆီးမှုကျူးလွန်ခဲ့သော စစ်ကောင်စီ စစ်ကြောင်းမှာ ဂန့်ဂေါမြို့ ရှိ ခလရ (၅၀) တပ်ထဲသို့ ရောက်ရှိသွားပြီးဖြစ်ကြောင်း ဆိုသည်။

မီးရှိ့ဖျက်ဆီးခံရသော ရွာများနှင့် စစ်ကြောင်းလမ်းပေါ်ရှိသော ရွာများမှ ဒေသခံ သောင်းဂဏန်းမျှသော ပြည်သူများ တိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် လတ်တလော အရေးပေါ် အမိုးအကာ ၊ အဝတ်အထည်များ ၊ ဆန်နှင့် အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နောင်ကာလများတွင် ဆုံးရှုံးမှုတန်ဖိုး လျော့ကြစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး လက်ရှိ ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ပူးပေါင်း အကူအညီပေးကြရန် တိုက်တွန်းကြောင်းဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကြောင်းများဝင်ရောက်လာပါက ထိပ်တိုက်မတွေ့မိစေရန် နှင့် လုံခြုံသော အရပ်ဒေသများ၌သာနေထိုင်ကြပြီး တန်ဖိုးကြီးပစ္စည်းများ ၊ အရေးကြီး ပစ္စည်းများကို လုံခြုံရာအရပ်များ၌ သိမ်းဆည်းထားကြရန် ပကဖ (ဂန့်ဂေါမြို့နယ်) မှ သတိပေးနှိုးဆော်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဂန့်ဂေါမြို့နယ်

#စစ်ကောင်စီ

#ပျူစောထီး

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required