တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ဩဂုတ် ၂၇ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၆ ၄၀၀ ခန့်ကို ဘေးလွတ်ရာသို့ ညတွင်းချင်း ရွှေ့ပြောင်းခဲ့ရကြောင်း Global Times သတင်းစာက ဖော်ပြသည်။
ချန်ဒူး၊ ကွမ်ယွမ်နှင့် ဂါဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့အပါအဝင် မြို့နှင့်စီရင်စု ၇ ခုတွင် ရေကြီးမှု ဖြစ်ပွားခဲ့သည်။
ချန်ဒူရှိ ရှီလင်းနှင်းလျှောစီးအပန်းဖြေစခန်းတွင် ဩဂုတ်၂၇ ရက် ညနေ ၅ နာရီမှ နောက်တစ်ရက် မနက် ၇ နာရီခွဲ အထိ မိုးရေချိန်အများဆုံး ရွာသွန်းခဲ့ပြီး ၁၆၅ ဒသမ ၁ မီလီမီတာ အထိ ရောက်ရှိခဲ့သည်။
ဗဟိုမိုးလေဝသဌာနသည် ဩဂုတ် ၂၈ ရက်မနက်ပိုင်းက မိုးသက်မုန်တိုင်းအတွက် အပြာရောင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်မိုးလေဝသစင်တာက အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ရှိသော စီချွမ်အပါအဝင် နိုင်ငံအချို့ နေရာများ အတွက် ဩဂုတ် ၂၈ ရက်မနက်ပိုင်းက အဝါရောင်သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဆယ်စုနှစ် ၆ ခုအတွင်း တရုတ်၏ အဆိုးရွားဆုံးအပူလှိုင်းများသည် နိုင်ငံ၏ စီးပွားရေးစိန်ခေါ်မှုများကို ပိုမိုဆိုးရွားလာစေသည်။
ရာသီဥတု ဖောက်ပြန်မှု ပိုဆိုးလာသည်နှင့်အမျှ တရုတ်နိုင်ငံတွင် အပူလှိုင်းများပိုမိုအဖြစ်များလာမည်ဟု မျှော်လင့်ရသည်။
လက်ရှိအချိန်တွင် ပြည်နယ် ၁၁ ခု၌ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထက် ရောက်ရှိနိုင်ကြောင်း သတိပေးချက်များ ရှိနေသည်။
စီချွမ်ပြည်နယ်ရှိ မြူနီစီပယ်အုပ်ချုပ်ရေးမြို့ ချုံချင့်တွင် သီတင်းပတ်ကုန်က စံချိန်တင်အပူချိန် ၁၁၂ ဒသမ ၁ ဒီဂရီသို့ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးအပူချိန် ၁၀၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း The Washington Post က ဖော်ပြခဲ့သည်။