ပါကစ္စတန် PTI ပါတီ အမျိုးသမီးခေါင်း‌ဆောင် ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန် PTI ပါတီ အမျိုးသမီးခေါင်း‌ဆောင် ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဒေသဆိုင်ရာ အမျိုးသမီး ခေါင်းဆောင်တစ်ဦးသည် ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွက်တာ၌ မည်သူမည်ဝါ မသိရသော သေနတ်သမားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ 

ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသော လက်နက်ကိုင်အမျိုးသားများသည် ရှားဟင်းန် အိမ်ရာစီမံကိန်းအနီး PTI အမျိုးသမီးခေါင်းဆောင် နာဂစ် မန်ဂဲလ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် မန်ဂဲလ်သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် ညပိုင်းက မန်ဂဲလ်၏ နေအိမ်အနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ 

“  မန်ဂဲလ်ဟာ သေနတ်ထိမှန်ဒဏ်ရာ အများအပြား ရပြီး ပွဲချင်းပြီး သေဆုံးသွားတာပါ” ဟု ဆေးရုံ တာဝန်ရှိသူများက ပြောသည်။  ဖြစ်စဉ် သတင်းရပြီးနောက် ရဲများသည် အဆိုပါ ဧရိယာသို့ ရောက်ရှိသွားကာ သူမ၏ အလောင်းကို ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ 

 မန်ဂဲလ်သည် ဒေသဆိုင်ရာ PTI အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းနှင့် ယမန်နှစ်ကလည်း သူမ၏ ကလေးသုံးဦးသည် နေအိမ်မှာပင် အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထိုဖြစ်စဉ်တွင် သူမ၏ သမီးတစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့သလို ထိုစဉ်က   မန်ဂဲလ် နေအိမ်တွင် မရှိခဲ့ဟု သိရသည်။
 
ရဲများသည် မန်ဂဲလ် အသွားအပြန် ငှားစီးနေကျ ဗင်ကားမောင်းသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။ “လူသတ်မှုမှာ ပါဝင်နိုင်တဲ့ သူ့ယောကျ်ားကိုလည်း ကျွန်တော်တို့ လိုက်ရှာနေပါတယ်” ဟု အကြီးတန်းရဲတစ်ဦးက ပြောသည်။ သူမ၏ ခင်ပွန်းဖြစ်သူသည် သူမ အသတ်ခံရပြီးကတည်းက ပျောက်ဆုံးနေသည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required