ပါကစ္စတန်နိုင်ငံတွင် ရေလွှမ်းမိုးမှု အခြေအနေအပေါ် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်ပြီး ပန်ဂျပ်ပြည်နယ်မှ ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်။
ဒီရာ ဂါဇီ ခန်းနှင့် ရာဂျန်ပူရ် ခရိုင်တို့တွင် ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေါသထွက်နေကြသည့် ကျောင်းသားများက လက်ကိုင်ပိုစတာများ၊ စာတန်းများ ကိုင်ဆောင်ရင်း ပြည်နယ်နှင့် ဖက်ဒရယ် အစိုးရတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။
ပန်ဂျပ် တက္ကသိုလ်၊ အစိုးရ ကောလိပ်တက္ကသိုလ်နှင့် King Edward ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တို့မှ ကျောင်းသားများ အပါအဝင် ဆန္ဒပြသူများသည် ပြည်နယ်နှင့် ဖက်ဒရယ် အစိုးရတို့ကို ဆန့်ကျင်သည့် ဆောင်ပုဒ်များ ရေးသားထားသည့် လက်ကိုင် ပိုစတာများ၊ စာတန်းများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။
ထောင်ဆာ ရှာရစ် မြို့နှင့် ရာဂျန်ပူရ်တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့စဉ်အတွင်း လူ့အသက်များကို ကယ်တင်ရန် အစိုးရ၏ ပျက်ကွက်ခဲ့မှုအပေါ် ဆန္ဒပြသူများက အမျက်ဒေါသထွက်နေခဲ့ကြခြင်း ဖြစ်သည်။
ဒီရာ ဂါဇီ ခန်း၊ ရာဂျန်ပူရ် နှင့် ကို့ဟ်-အီ-ဆူလေမန် တောင်ကြားတို့တွင် မိုးကြီးပြီး တောင်ကျရေများ ကျဆင်းမှု ကြောင့် ဧရိယာအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မကြာသေးခင်က ရေကြီးမှုနှင့် မိုးကြီးမှုများအတွင်း ဘာလိုချီစတန်နှင့် ကျန်ဒေသများကို ဆက်သွယ်သည့် အမြန်လမ်းမကြီး သုံးခု ထိခိုက်ပျက်စီးမှုဖြစ်ပေါ်၍ ပိတ်ထားခဲ့ရပြီးနောက် ပန်ဂျပ်ပြည်နယ်နှင့် ဘာလိုချီစတန်ကို ဆက်သွယ်သည့် ဒီရာ ဂါဇီ ခန်းရှိ ဖောင့်တ်မွန်ရိုး အရပ်အနီးတွင် ခရီးသည်ထောင်ချီ သောင်တင်ပိတ်မိခဲ့ကြသည်။