တရုတ်နှင့် နယ်စပ်ရှိ တောင်တန်းဒေသတွင် အသုံးပြုရန် အိန္ဒိယစစ်တပ်က Zorawar အပေါ့စား တင့်ကားများ ထုတ်လုပ်ရန် စဉ်းစားနေ

တရုတ်နှင့် နယ်စပ်ရှိ တောင်တန်းဒေသတွင် အသုံးပြုရန် အိန္ဒိယစစ်တပ်က Zorawar အပေါ့စား တင့်ကားများ ထုတ်လုပ်ရန် စဉ်းစားနေ

တရုတ်နှင့် နယ်စပ်ရှိ တောင်တန်းထူထပ်သော ဒေသတွင်အသုံးပြုရန် တိုက်ခိုက်ရေး တင့်ကားများကို ထုတ်လုပ်ရေးအတွက် Zorawar ဟု အမည်ပေးမည့် အပေါ့စား တင့်ကားအမျိုးအစားနှင့် ပတ်သက်သည့် အချက်အလက်များကို အိန္ဒိယစစ်တပ်က ထုတ်ပြန်လိုက်သည်။

ယခုအခါ တရုတ်စစ်တပ်က ထိန်းချုပ်ထားသော တိဗက်ဒေသတွင် အောင်နိုင်ခဲ့သည့် တိုက်ပွဲပေါင်းများစွာကို ဦးဆောင်ခဲ့သူ သမိုင်းဝင် ဗိုလ်ချုပ်ကြီး၏ အမည်အား ဂုဏ်ပြုကာ ထုတ်လုပ်မည့် တင့်ကားကို သူ၏အမည် ပေးထားခြင်း ဖြစ်သည်။

“အလတ်စား စစ်သုံးတင့်ကားတွေမှာရှိတဲ့ အကန့်အသတ်တွေကို ဖြေရှင်းနိုင်ဖို့နဲ့ အမြင့်ပိုင်းဒေသတွေမှာ အသုံးပြုနိုင်ဖို့အပြင် နယ်စပ်ဒေသ၊ ကျွန်းတွေ၊ လွင်ပြင်တွေ၊ သဲကန္တာရ တစ်စိတ်တစ်ပိုင်းနဲ့ သဲကန္တာရတွေမှာ အပေါ့စား တင့်ကားတွေကို အသုံးပြုဖို့ လိုအပ်လာပါပြီ” ဟု စစ်တပ်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များက ပြောကြားသည်။

ယူကရိန်း စစ်ပွဲကဲ့သို့သော ကမ္ဘာပေါ်ရှိ ပဋိပက္ခများကြောင့် ပစ္စည်းထုတ်လုပ်မှု ကွင်းဆက်များ ထိခိုက်နေချိန်တွင် အိန္ဒိယစစ်တပ်အတွက် ပြည်တွင်းထုတ် အပေါ့စားတင့်ကားများ ပုံစံရေးဆွဲ ထုတ်လုပ်ရန် လိုအပ်လာကြောင်း ၎င်းတို့က ပြောကြားသည်။

အိန္ဒိယစစ်တပ်သည် လှုပ်ရှားနယ်မြေများတွင် T-72 နှင့် T-90 တင့်ကား အများအပြားကို ချထားခဲ့ခြင်းကြောင့် ပြိုင်ဘက်ရန်သူများကို မဟာဗျူဟာအရ အံ့အားသင့်စေခဲ့သလို နောက်တွန့်သွားစေခဲ့သည်။ 

“သူတို့ တင့်ကားတွေကို လွင်ပြင်တွေနဲ့ ကန္တာရတွေအတွက် အထူးထုတ်လုပ်ထားတာကြောင့် အမြင့်ပိုင်းဒေသ တွေမှာ အသုံးပြုတဲ့အခါ အကန့်အသတ်တွေရှိနေပါတယ်” ဟု စစ်တပ်မှ သတင်းရင်းမြစ်များက ပြောကြားသည်။

အိန္ဒိယစစ်တပ်အနေဖြင့် အပေါ့စားတင့်ကားများကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိပြီး ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။ 

လက်ရှိ ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများနှင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့် စစ်ပွဲများကြောင့် အိန္ဒိယ စစ်တပ်အနေဖြင့် ပြင်ဆင်ထားရမည့် အခြေအနေဖြစ်နေကြောင်းလည်း သတင်းရင်းမြစ်များက ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly