ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်ကောင်စီပွိုင့်ကား ၂ စီး မိုင်းဆွဲခံရ၍ ၃ဦးသေ ၈ ဦး ထိခိုက်ဒဏ်ရာရ

ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်းတွင် စစ်ကောင်စီပွိုင့်ကား ၂ စီး မိုင်းဆွဲခံရ၍ ၃ဦးသေ ၈ ဦး ထိခိုက်ဒဏ်ရာရ

ဩဂုတ်လ ၂၉ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ကော့သောင်း-ဘုတ်ပြင်း လမ်းပိုင်းရှိ ၄၈ မိုင်၊ ခမောက်ကြီးရွာအနီးတွင် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် စစ်ကောင်စီ ပွိုင့်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက် ခံရ၍ သုံးဦး သေဆုံးပြီး ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း Local PDF ရဲဘော်များထံမှ သိရသည်။

ကော့သောင်း အခြေစိုက် Local PDF ရဲဘော် တစ်ဦးက“ခရိုင်အုပ်ချုပ်ရေးမှူး အစည်းဝေးသွားဖို့အတွက် ရှေ့ပြေး ပွိုင့်ကားကို အရင်လွှတ်လိုက်တာပါ၊ အဲ့ဒီပွိုင့်ကားမှာ စစ်သားတွေ အများကြီးပါတာ တွေ့တယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများပါလာသည့် ပွိုင့်ကား နှစ်စီးကို ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

လက်ရှိတွင် ယင်းပြည်ထောင်စုလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှု ပြုလုပ်ခြင်းမရှိဘဲ ခရီးသွားပြည်သူများသည် ပုံမှန်အတိုင်း သွားလာနေပြီး ကော့သောင်းမြို့ပေါ်တွင် စစ်ဆေးတင်းကျပ်ခြင်းများ ပြုလုပ်နေကြောင်း ယင်း မြို့ရှိ ဒေသခံများထံမှ သိရသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက အောင်သုခရပ်ကွက်၊ (၂) မိုင်ရှိ မြို့နယ် တရားရုံးနှင့် မြို့မရဲစခန်းတို့ကို တိုက်ခိုက်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly