အင်းတော်မြို့ရှိ PDF ဟု စွပ်စွဲဖမ်းဆီးခံရသည့် မိသားစုဝင် ၃ ဦး အချုပ်ကျနေ

By ကိုခင်မောင်
29 August 2022
အင်းတော်မြို့ရှိ PDF ဟု စွပ်စွဲဖမ်းဆီးခံရသည့် မိသားစုဝင် ၃ ဦး အချုပ်ကျနေ

ဩဂုတ် ၂၉

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ဒေသာကာကွယ်ရေးတပ်ဖွဲ့ဟု စွပ်စွဲဖမ်းစီးခံရသည့် မိသားစုဝင်သုံးဦး အင်းတော်မြို့ရဲစခန်း၌ အချုပ်ကျနေသည်ဟု အင်းတော်မြို့နေ ဒေသခံထံမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၁ရက်နေ့တွင် ငှက်ဖျားကြောင့် ဆေးရုံတက်လာသည့် အသက်(၂၆)နှစ်အရွယ် ကိုဇော်မင်းထက်နှင့် ၎င်းကိုစောင့်ရှောက်ပေးသည့် အသက် (၂၄)နှစ်အရွယ်ကိုအောင်သူနိုင်၊ အသက်(၅၀) အရွယ် ဒေါ်ကြာဖော့ တို့ သုံးဦးကို PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်သည်။

“ငှက်ဖျားဖြစ်တဲ့သူက ရွှေတွင်းမှာ အလုပ် လုပ်တာ၊ ရွှေတွင်းကနေ ငှက်ဖျားဖြစ်လို့ပြန်ခဲ့တာဗျ၊ သူတို့က တောင်သူမိသားစု၊ အိမ်မှာ စကားမပြောတတ်တဲ့ သမီးနဲ့ သားတစ်ယောက်ရယ် သူ့အမျိုးသားရှိတယ်။” ဟု အင်းတော်မြို့နေ အမည်မဖော်လိုသူ ဒေသခံက မဇ္ဈိမသို့ ပြောသည်။

ယခုလက်ရှိတွင် အပြစ်မဲ့ဖမ်းဆီးခံရသည့် မိသားစုဝင် သုံးဦးကို အင်းတော်မြို့ရဲစခန်းတွင် အချုပ်ကျစေပြီး နောက်ဆက်တွဲအမှုကိုမူ ခရိုင်ရုံးအထိ တင်ထားသည်ဟုကြားသိရကြောင်း ၎င်းဒေသခံကဆိုသည်။

အဆိုပါမိသားစုသည် အင်းတော်မြို့နှင့် နဘားရွာကြား၌ တောင်သူလုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အနီးဆုံးဆေးရုံကို လာရောက်ကုသခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်မှ ဆက်ရှင်းပြသည်။

အင်းတော် ပြည်သူ့ဆေးရုံသည် ဆေးရုံတက်လူနာများ၏ အချက်အလက်များကို စစ်ကောင်စီထံသို့ သတင်းပေးပို့ကာ စစ်သားနှင့်ရဲများမှ မသင်္ကာသည့် လူနာများအား ဆေးရုံသို့ လာရောက် အဓမ္မ ဖမ်းဆီး၊ ချုပ်နှောင်၊ရိုက်နှက်မှုများလည်း ရှိနေကြောင်း Indaw Revolution-IR မှ ထုတ်ပြန်ထားသည်။

ထို့သို့ အပြစ်မဲ့ပြည်သူများအား PDF ဟုစွပ်စွဲကာ လူနာများ၏ သတင်းအချက်အလက်များ ပေးပို့ပြီး လူ့အခွင့်အရေးများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေသည့် အင်းတော်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် ဝန်ထမ်းများအားလုံးက “ အပြည့်အဝ တာဝန်ယူရလိမ့်မယ်” ဟု စစ်ဆင်ရေးအထူးဒေသ(၁) စစ်မြေပြင် K.PDF တပ်ရင်း(၆) ကိုယ်စား တပ်ခွဲမှူးမှ ပြောသည်။

စာတည်း။ ။ သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#အင်းတော်မြို့

#PDF

#ရဲစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly