ရန်စမှုများကို ရပ်တန့်ရန် တရုတ်က ဂျပန်ကို  ပြောကြား

ရန်စမှုများကို ရပ်တန့်ရန် တရုတ်က ဂျပန်ကို  ပြောကြား

ထိုင်ဝမ်သို့ ဂျပန်နိုင်ငံရေးသမားတစ်ဦး အလည်အပတ်လာရောက်ခြင်းကို တရုတ်က သြဂုတ် ၂၃ရက်တွင် ပြင်းထန်စွာ ရှုတ်ချခဲ့သလို ဂျပန်က ရန်စမှုများနှင့် ထိုင်ဝမ်ရေလက်ကြားတွင် တစ်ကိုယ်ကောင်းဆန်သော အကျိုးအမြတ်ရှာနေမှုကို ရပ်တန့်ရန် ပြောကြားလိုက်သည်။

"ဂျပန်သည် တရုတ်လူမျိုးများအပေါ် ကြီးမားသော အမှားများအတွက် သမိုင်းကြောင်းအရ တာဝန်ရှိပြီး ယင်း၏ အပြောအဆိုနှင့် လုပ်ရပ်များတွင် အမြော်အမြင်ရှိရန် လိုအပ်ကြောင်း၊ တစ်ကိုယ်ကောင်းဆန်သော နိုင်ငံရေး အကျိုးအမြတ်များရရန် ဂျပန်နိုင်ငံရေးသမားအချို့သည် တခြားသူများလုပ်သလိုမျိုး နိုင်ငံရေး စတန့်ထွင်ရန် ထိုင်ဝမ် လွတ်လပ်ရေး တောင်းဆိုသူများနှင့် ပူးပေါင်းခဲ့သည်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက သြဂုတ် ၂၃ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အမတ် ကေဂျီ ဖူရူယာသည် ထိုင်ဝမ်သို့ အလည်အပတ် ရောက်ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ 

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဟု ဆိုကာ ထိုင်ဝမ်ပြဿနာသည် တရုတ်-ဂျပန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်နှင့် နှစ်နိုင်ငံကြား အခြေခံယုံကြည်မှုအပေါ် သက်ရောက်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 “ဂျပန်က ထိုင်ဝမ်ရေလက်ကြားဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အခွင့်အရေးယူပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးအမြတ်တွေ မရှာသင့်ပါဘူး။ လမ်းမှားကို လျှောက်တာကို ရပ်တန့်သင့်ပါပြီ” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် ကွယ်လွန်သူ ထိုင်ဝမ်သမ္မတ လီတန်ဟွေ့၏ အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ပြီးနောက် ဖူရူယာသည် ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု The Japan Times သတင်းတွင် ဖော်ပြထားသည်။

နှစ်ဘက်စလုံးက ဆယ်စုနှစ် ခုနစ်ခုကျော် သီးခြားစီ အုပ်ချုပ်နေသော်လည်း ထိုင်ဝမ်အပေါ် အချုပ်အခြာ အာဏာ အပြည့်အဝ ပိုင်ဆိုင်ကြောင်း တရုတ်က တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly