ပါကစ္စတန် ဆွက်ဒေသတွင် စစ်သွေးကြွများ ရှိနေသော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်ဟု ရဲတပ်ဖွဲ့ ပြော

ပါကစ္စတန် ဆွက်ဒေသတွင် စစ်သွေးကြွများ ရှိနေသော်လည်း အခြေအနေကို ထိန်းချုပ်ထားနိုင်ဟု ရဲတပ်ဖွဲ့ ပြော

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဆွက်ဒေသရှိ ဝေးလံပြီး အစွန်အဖျားကျသော တောင်ကုန်းဧရိယာတချို့တွင် စစ်သွေးကြွများ ရှိနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဩဂုတ် ၁၂ ရက်တွင် ဝန်ခံခဲ့သည်။

ယခင်က အာဖဂန်နစ္စတန်တွင် နေထိုင်ခဲ့ကြသူ တချို့သည် ယခုအခါ ဆွက်ဒေသ၏ ဝေးလံသော တောင်ကုန်းဧရိယာအချို့တွင် ရောက်ရှိနေသည် ဆိုသည်ကို ရဲတပ်ဖွဲ့အနေဖြင့် အပြည့်အဝ သိရှိထားကြောင်း ဗဟိုရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

သို့သော် အရပ်ဖက် စီမံအုပ်ချုပ်မှုအောက်တွင် အခြေအနေကို လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်ကြောင်းနှင့် တရားဥပဒေစိုးမိုးမှု အေဂျင်စီအားလုံးကလည်း မည်သည့် ဘေးအန္တရာယ်အခြေအနေမျိုးကိုမဆို တုံ့ပြန်သွားရန် အသင့်ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 ခိုင်ဘာပက်ခ်တွန်ခဝါ ပြည်နယ်ဝန်ကြီးချုပ် မာမွတ် ခန်း၏ မွေးရပ်မြေဖြစ်သော မက်တာ အရပ်၏ ဝေးလံသော ဧရိယာတစ်ခုတွင် ရဲတပ်ဖွဲ့နှင့် တာလီဘန်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရဘက်က ရက်များကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက် အဆိုပါ ထုတ်ပြန်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။

ထိပ်တိုက်တွေ့မှုဖြစ်ပြီးနောက် လက်ထောက်ရဲမှူးတစ်ဦးနှင့် လုံခြုံရေးအမှုထမ်းတချို့ကို သံသယရှိ စစ်သွေးကြွများက ထိန်းသိမ်းခဲ့သည်ဟု သိရသည်။ ထို့နောက် မျိုးနွယ်စု ကောင်စီတစ်ခု၏ ကြားဝင် ညှိနှိုင်းပေးမှုနှင့်အတူ ၎င်းတို့သည် နောက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly