စစ်ကောင်စီ၏ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ၀ကုန်းရွာရှိ နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန် ပျက်စီး

စစ်ကောင်စီ၏ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ၀ကုန်းရွာရှိ နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန် ပျက်စီး

ဩဂုတ်လ ၂၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထားဝယ်-ထီးခီး လမ်းပိုင်းရှိ ၀ကုန်းရွာ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် နှစ်လုံး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အားအလုံးအရင်းဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် စစ်ကောင်စီ ယာဉ်တန်း ၁၇ စီး သည် မြန်မာ-ထိုင်း နယ်စပ် ထီးခီးလမ်းပိုင်းသို့ ဦးတည် မောင်းနှင်လာစဉ် လမ်းတစ်လျှောက် လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၀ကုန်းရွာသား တစ်ဦးက"အရင်ကလည်း စစ်တပ်ကားတန်း ဝင်လာပြီဆိုရင် ရွာသားတွေကို ဖမ်းဆီးတာမျိုးလုပ်ခဲ့တဲ့အပြင် အိမ်တွေကို မီးရှို့ထားခဲ့လို့ အမြဲ ထွက်ပြေးရတယ်၊ အခုလည်း မနေ့က ရွာထဲက လူမရှိတဲ့ အိမ်တွေကို သေနတ်နဲ့ ပစ်ခတ်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူသွားပါတယ်"ဟု ပြောသည်

ထိုသို့ ရမ်းသန်း ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီယာဥ်တန်းများ သည် ကျောက်မဲတောင်ရွာတွင် တစ်ည နားပြီး၊ ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်း၌ မေတ္တာဖက်သို့ ယာဥ်တန်း ခြောက်စီးခန့် ဝင်သွားကြောင်း ဒေသ ကာကွယ်ရေး အဖွဲ့ တစ်ခုက ပြောသည်။

အခုလို စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် သြဂုတ်လ ၂၆ ရက် နံနက် ၁၁ ခန့် အချိန်တွင် သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာ အကြား လမ်းပိုင်းတနေရာတွင် ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ အကြာတိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ထိခိုက် သေဆုံးမှု ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly