မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ဩဂုတ်လ ၂၇ ရက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းလက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Union of Myanmar Civil Defence တပ်ဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၆ ရက်နေ့ ည ၉ နာရီ ၉ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်း အရပ်ဝတ်ဖြင့် ထောက်လှမ်းရေးစစ်ခွေး (စစ်ကောင်စီတပ်ဖွဲ့ဝင်)များဟု ယူဆရသူများ ရှိနေချိန် တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ရုံးအတွင်းရှိနေတဲ့ သူတွေက ဧည့်စာရင်းစစ်ဖို့အတွက် အစည်းအဝေးထ်ိုင်နေတဲ့ ကောင်တွေ ဖြစ်ပါတယ်။ ဒီကောင်တွေလာပြီးရင် လမ်းကြောင်းပတ်တဲ့ ကားတွေ ဝင်လာပါတယ်၊ ဧည့်စာရင်းစစ်ဖို့အတွက်ပါ၊ အဲ့ဒီ့ လမ်းကြောင်းကားတွေ မရောက်ခင်အချ်ိန်မှာ ဖောက်ခွဲတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။” ဟု Union of Myanmar Civil Defence တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မြို့ပြမြေအောက် တော်လှန်ရေးတပ်ဖွဲ့၏ တိုက်ခ်ိုက်မှုလုပ်ဆောင်ချိန်တွင် ရပ်ကွက်ရုံးအတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများ အပါအဝင် အရပ်ဝတ်ထောက်လှမ်းရေး ဆယ်ဦး ဝန်းကျင်ခန့် ရှိနေကြောင်း သိရသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတွင် ရပ်ကွက်ရုံးအတွင်းရှိသူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုရှိမရှိ ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိကြောင်း UMCD တာဝန်ရှိသူက ဆိုသည်။

“ တိုက်ခိုက်မှုမှာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်၊ သေဆုံးမှုကိုတော့ အတည်ပြုနေပါတယ်၊ တိုက်ခိုက်မှုဖြစ်စဉ်အပြီး ရုံးထဲကို လူနာတင်ကားတွေ အဝင်အထွက်ရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေအထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုကို Union of Myanmar Civil Defence (UMCD) နှင့် Rawt Malan HpyenLa - RMH ( တော်လှန်ရေးရဲဘော်) အဖွဲ့တို့ မဟာမိတ်အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဝေဘာဂီလမ်းမကြီးကို ခြောက်ကွေ့ ဂက်စ်ဆိုင်အနီးမှ (ဌ)ရပ်ကွက်ရုံးအကျော်အထိ လမ်းပိတ်ဆို့ထားကာ ဖြတ်သွားဖြတ်လာများကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေအောက်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံခဲ့ရသည့် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ရပ်ကွက်အတွင်းနေထိုင်သူ ပြည်သူများကို ဖိနှိပ်မှုမျိုးစုံ ပြုလုပ်နေသည့် ရုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီးကာ ပိုက်ဆံတောင်းယူပြီးနောက် ပြန်လွှတ်ပေးခြင်းများအပြင် ရပ်ကွက်အတွင်းရှိ တက်ကြွလှုပ်ရှားသူပြည်သူများကို သတင်းပေးဒလန်အဖြစ် ပြုလုပ်နေသည့် ရုံးဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ် North Okkalapa Information တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများစွာဖြင့် စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေသည့် ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြမြေအောက်တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - North Okkalapa Information

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly