စစ်ကောင်စီမှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ​၏ ဒေါ်လာဝယ်စာရင်းအား တောင်းခံပြီးနောက် စက်သုံးဆီဈေးများ စံချိန်တင် မြင့်တက်နေ

စစ်ကောင်စီမှ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ​၏ ဒေါ်လာဝယ်စာရင်းအား တောင်းခံပြီးနောက် စက်သုံးဆီဈေးများ စံချိန်တင် မြင့်တက်နေ

ဩဂုတ်လ ၂၇ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများ​၏ ဒေါ်လာဝယ်စာရင်းအား တောင်းခံပြီးနောက် စက်သုံးဆီဈေးနှုန်းများမှာ စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။

စက်သုံးဆီဈေးနှုန်းများမှာ ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ၉၂ တစ်လီတာလျှင် ၂,၄၉၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၅၇၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာလျှင် ၃,၂၂၅ကျပ်နှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၃၀၅ ကျပ်အထိ မြင့်တက်နေကြောင်း စစ်ကောင်စီ၏ ဓာတ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ​၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကော်မတီ​၏ ထုတ်ပြန်သောဈေးနှုန်းများမှာ ရည်ညွှန်းဈေးနှုန်းများသာဖြစ်ပြီး နေရာဒေသအလိုက် ဈေးကွာခြားချက်များ ရှိနေကြောင်း သိရသည်။

" သူတို့ကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းဆိုတာ အပြင်နဲ့တော့ အနည်းငယ်ကွာတယ်၊ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေထက် တခြားနေရာတွေမှာ ဆီဈေးပိုတာရယ်၊ ဆီပြတ်လပ်တာရယ် အများဆုံးကြုံရတယ်၊ တချို့နေရာတွေမှာဆိုရင် ဈေးကွာခြားတာ တစ်ထောင်ဝန်းကျင်အထိရှိတယ်" ဟု တောင်ကြီးမြို့မှ အငှားယာဉ်မောင်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိမြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းများသည် သမိုင်းတစ်လျောက် အမြင့်ဆုံးနှုန်းဖြစ်ပြီး၊ ကမ္ဘာ့ရေနံဈေး မြင့်တက်လာခြင်းနှင့် ပြင်ပမှ ဒေါ်လာဝယ်ယူကာ ဆီတင်သွင်းရသည့်အတွက် ဈေးဆက်တက်ရန်လည်း ရှိနေကြောင်း စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

"စကစ(စစ်ကောင်စီ)သတ်မှတ်တဲ့ ဒေါ်လာဈေး ၂,၁၀၀ နှုန်းနဲ့ အပြင်မှာဝယ်လို့မရသလို၊ ဗဟိုဘဏ်ဘက်ကလည်း မရောင်းပေးနိုင်ဘူး၊ ဒီတော့ ပြင်ပကဝယ်ယူပြီး တင်သွင်းရတယ်၊ ဒါတွေက စက်သုံးဆီဈေးမြင့်တက်နေတာ" ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အခြားမြို့များတွင်မူ စက်သုံးဆီများမှာ သယ်ယူစရိတ်ကြောင့် ရန်ကုန်ထက်​ ဈေးပိုကြီး​နေပြီး ဆီပြတ်လပ်မှုများလည်း ကြုံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly