ပါကစ္စတန်တွင် အသက်မပြည့်သေးသည့် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့သည့် ကျမ်းစာသင် ကျောင်းဆရာ ဖမ်းဆီးခံရ

ပါကစ္စတန်တွင် အသက်မပြည့်သေးသည့် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့သည့် ကျမ်းစာသင် ကျောင်းဆရာ ဖမ်းဆီးခံရ

ပါကစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ ယိုယွင်းဆိုးရွားလျက် ရှိစဉ် ပြီးခဲ့သည့် ရက်ပိုင်းက အသက်မပြည့် သေးသည့် ကျောင်းသားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည် ဆိုသော ကျမ်းစာသင်ကျောင်း ဆရာတစ်ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတို့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲအရာရှိတစ်ဦးကို ကိုးကားပြီး Dawn သတင်းစာက ဩဂုတ် ၁၃ ရက်တွင် ဖော်ပြသည်။

ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် ဟာရီပူရ် ခရိုင်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်တွင် စွပ်စွဲခံရသည့် တရားခံဖြစ်သူ ကာရီ အူဇိုင်ရာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဆီရာ-အီ-ဆာလာဟ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဆာဒစ် ရှားက ပြောသည်။

ပဏာမ ဆေးစစ်ချက် အစီရင်ခံစာတစ်ရပ်အရလည်း ပြစ်မှုကျူးလွန်ခဲ့ကြောင်းကို အတည်ပြုထားနိုင်သည်ဟု ၎င်းက ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“ခိုလီယန် ဘာလာ ရွာမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ့တူ တစ်ယောက်ဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို သူနဲ့အတူ နေဖို့ ခေါ်ခဲ့တယ်။ သူ့တူကို ကိုရ်အန်ကျမ်း သင်ဖို့ မိုဟယ်လာ ပါရောင် ဧရိယာမှာ ရှိတဲ့ ကျမ်းစာသင်ကျောင်းတစ်ကျောင်းမှာ အပ်နှံခဲ့တယ်။ အဲဒီ ကျမ်းစာသင်ကျောင်းရဲ့ ဆရာတစ်ယောက်ကပဲ ကောင်လေးကို ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာလည်း စော်ကားခဲ့တာပါ” ဟု ဆာဒစ် ရှားက ပြောသည်။

“သူ့တူဖြစ်သူဟာ ကျမ်းစာသင်ကျောင်းကနေ နေ့လယ်ဘက်ကြီး အိမ်ကို ဝမ်းနည်းပက်လက်နဲ့ ပြန်လာတယ်လို့ အဲဒီအမျိုးသမီးက ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ပြောပါတယ်။

ကျမ်းစာသင်ကျောင်းဆရာက အကြိမ်ကြိမ် ဖုန်းဆက်ပြီး ပြန်လာဖို့ ခေါ်ခဲ့ပေမယ့် ကောင်လေးက ကျောင်းကို ပြန်သွားဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းကို ဘာလို့ ပြန်မသွားချင်တာလဲလို့ အမျိုးသမီးက မေးတဲ့အခါမှာ ကောင်လေးက သူ့ကို ကာရီ အူဇိုင်ရာ ဆိုတဲ့ ကျမ်းစာသင်ကျောင်းဆရာက အသေးအဖွဲ အမှားတစ်ခုအတွက် ရိုက်နှက်ပြီး စာသင်ကျောင်းထဲမှာ ရှိတဲ့ သူ့အိပ်ခန်းထဲ အတင်းသွားခိုင်းခဲ့တယ်လို့ ကောင်လေးက ပြောတယ်လို့ သိရပါတယ်” ဟု ဆာဒစ် ရှားက ပြောသည်။

“အဲဒီနောက် ကျမ်းစာသင်ကျောင်းဆရာက သူ့အခန်းကို အထဲကနေ တံခါးပိတ်ပြီး ကောင်လေးကို အဓမ္မကျင့်ခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။ အဲဒီမတိုင်ခင် ကျမ်းစာသင်ကျောင်းဆရာဟာပြီးခဲ့တဲ့ ၆လအတွင်း ကောင်လေးကို အဓမ္မကျင့်ခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သူမက ပြောပါတယ်။

အဲဒီအကြောင်းကို ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ ကောင်လေးကို ကျမ်းစာသင်ကျောင်းဆရာက ခြိမ်းခြောက်ထားခဲ့တယ်လို့လည်း ဆိုပါတယ်” ဟု ဆာဒစ်ရှားကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

သံသယရှိ တရားခံသည် မျိုးနွယ်စု ကောင်စီတစ်ခုမှတစ်ဆင့် ကျူးလွန်ခံရသူ၏ မိသားစုနှင့် ညှိနှိုင်းကျေအေးရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုဘက်က ငြင်းဆန်ခဲ့သည့်အတွက် ကျမ်းစာသင်ကျောင်းမှ ထွက်ပြေးခဲ့ကြောင်း တိုင်ကြားသူက ပြောသည်။

ယခုအခါ ရဲတပ်ဖွဲ့သည် ယခုအခါ သံသယတရားခံကို ပါကစ္စတန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်‌ရေး အက်ဥပဒေ ၅၃ အောက်တွင် အမှုဖွင့်ထားပြီး ၎င်းအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly