ယူကရိန်း၌ ရုရှစစ်တပ်က နှစ်ကုန်သည့်အထိ တောင့်မခံနိုင်ဟု အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း ပြော 

ယူကရိန်း၌ ရုရှစစ်တပ်က နှစ်ကုန်သည့်အထိ တောင့်မခံနိုင်ဟု အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်း ပြော 

ဩဂုတ် ၂၇

ယူကရိန်းရှိ ရုရှစစ်တပ်များသည် “ခြေကုန်လက်ပန်း ကျနေပြီ” နှစ်ကုန်သည့်အထိ “တောင့်ခံနိုင်ဖွယ် မရှိ”ဟု အငြိမ်းစား အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ဆိုသည်။ 

ပဋိပက္ခစစ်ပွဲသည် တစစ အားလျော့လာခြင်းနှင့်အတူ ရေရှည်နေဦးမည်ဆိုသော ခန့်မှန်းချက်များကို အီရတ်နှင့် အာဖဂန်နစ္စတန်တို့၌ စစ်မှုထမ်းခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီးဟောင်း ဘန်ဟော့ဂတ်စ်က ပြောသည်။ 

“ဒီ စစ်ပွဲက တန့်အီရှည်ကြာနေမယ်ဆိုတာနဲ့ ယူကရိန်းဟာ ရုရှတွေကို မောင်းထုတ်မနိုင်ဘူးဆိုတာအပေါ် ကျွန်တော်ကတော့ သဘောမတူဘူး”ဟု ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးနေ့ ၃၁ နှစ်မြောက် ကျင်းပချိန်၌ ဟော့ဂတ်စ်က Times Radio သို့ ပြောခြင်း ဖြစ်သည်။ 

“ကျွန်တော် အမှန်တကယ် မြင်တာကတော့ ရုရှတွေ ခြေကုန်လက်ပန်း ကျနေပြီ၊ သူတို့တွေရဲ့ စစ်ထောက်ပို့မှုတွေ လက်ပန်းကျနေပြီ”ဟု ၎င်းက ဆိုသည်။ 

“ရုရှဟာ အရပ်သား ပစ်မှတ်တွေကို လက်နက်ကြီး ဆက်လက် ပစ်ခတ်တာမျိုးကလွဲလို့ ဘာမှ မလုပ်နိုင်တော့ဘူး၊ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာပဲ ထင်သာမြင်သာ တွေ့ရတယ်”ဟု ဟော့ဂတ်စ်က ပြောသည်။ 

ယူကရိန်းကသာ ပင်လယ်အော်က ရုရှတပ်များကို အနိုင်ရလိုက်ပါက “ရုရှတို့ တောင့်မခံနိုင်တော့မည်က အလွန် ဖြစ်နိုင်ကြောင်း” အသက် ၆၄ နှစ်အရွယ် ဟော့ဂတ်စ်က ဆိုသည်။ 

၎င်း၏ မှတ်ချက်စကားကို ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဘန် ဝေါ့လေ့စ်ကလည်း ထောက်ခံပြီး ရုရှသည် “အလွန် အက်ကွဲလွယ်သော အခြေအနေ” ၌ ရှိနေသည်ဟု ၎င်း ယုံကြည်ကြောင်း ယခု နံနက်ပိုင်းတွင် ပြောဆိုသည်။ 

“ဒီကို မလာခင်က ကျွန်တော့် ထောက်လှမ်းရေး အကြီးအကဲတွေနဲ့ ကျွန်တော် စကား ပြောဆိုခဲ့တယ်၊ ရုရှရဲ့ ထိုးစစ်ဟာ သီတင်းတစ်ပတ်မှ မီတာအနည်းငယ်သာ ရောက်တယ်၊ မိုင်နဲ့ ရောက်တာ မဟုတ်ဘူး”ဟု BBC Radio 4’s အစီအစဉ်သို့ ဝေါ့လေ့စ်က ပြောသည်. 

“စစ်ထိုးရာမှာ နိုင်ငံရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းကိုပဲ ဆုပ်ကိုင်ထားနိုင်တယ်၊ လွန်ခဲ့တဲ့ ခြောက်လလောက်က သုံးရက်တာ အထူး စစ်ဆင်ရေးဆိုပြီး ပြောဆိုနေတာနဲ့ လုံးလုံး ဆန့်ကျင်ဘက် ဖြစ်နေတာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ အတော်လေး နှစ်နှစ်သက်သက် လက်ခံရမှာကတော့ ရုရှရဲ့ ဆုံးရှုံးမှုတွေပဲ၊ တိုက်ပွဲကျတာ၊ ဒဏ်ရာရတာနဲ့ တပ်ပြေး ပေါင်းရင် ၈၀,၀၀၀ ကျော် မနည်းရှိလိမ့်မယ်၊ ဒါဟာ အာဖဂန်နစ္စတန်မှာ ရုရှတွေ ဆယ်စုအတွင်း ၁၅,၀၀၀ လောက် ဆုံးရှုံးတာနဲ့ဆိုရင် ယူကရိန်းမှာက ခြောက်လအတွင်း ၈၀၀၀၀ လောက် ဆုံးရှုံးတာပဲ”ဟု ၎င်းက ဆိုသည်။ 

“ရုရှဟာ အရမ်း အက်ကွဲပြိုကျနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly