မိုးသီးနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိဗက်ဒေသတွင်  လူ ၃၁ ဦးထက်မနည်း သေဆုံး

မိုးသီးနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိဗက်ဒေသတွင်  လူ ၃၁ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်နှင့် ဂန်းစုပြည်နယ်များရှိ တိဗက်လူမျိုးများနေထိုင်ရာ နယ်မြေများတွင် မိုးသက်မုန်တိုင်းများကြောင့်   လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းဒေသရှိ သတင်းရင်းမြစ်များက ပြောသည်။ 

မုန်တိုင်းကြောင့် တိရစ္ဆာန်အကောင်ရေ၂ ၀၀၀ ထက်မနည်းလည်း သေဆုံးခဲ့သည်။

ချင်းဟိုင်ပြည်နယ် စိုလိုတိဗက်ကိုယ်ချုပ်ခွင့်ရဒေသရှိ မန်ဂရာကောင်တီတွင် လူ ၅ ဦးနှင့် ကျွဲနွားများ သေကြေပျက်စီးခဲ့သလို ဩဂုတ် ၂၀ ရက်က မိုးသီးနှင့် မိုးရွာသွန်းမှုကြောင့် တိဗက်ရွှေ့ပြောင်းများ အသုံးပြုသော တဲများပျက်စီးခြင်းအပါအဝင် သိသိသာသာ ပျက်စီးမှုများရှိခဲ့သည်။ 

“ရွှေ့ပြောင်းသွားလာသူတွေ နေထိုင်တဲ့ ပန်ချန်နဲ့ ပန်ချောင်ဒေသကနေ ရေကြီးမှုတွေ စဖြစ်တာပါ” ဟု ဒေသတွင်းရှိ တိဗက်လူမျိုးတစ်ဦးက ပြောသည်။

“သေဆုံးသွားတဲ့ ၅ ယောက်ထဲက ၃ ယောက်က မိသားစုဝင်တွေပါ။ ပြင်းထန်တဲ့ မိုးသီးကြွေကျမှုနဲ့ ရေကြီးမှု ကြောင့် သေတဲ့ ကျွဲ၊နွားတိရစ္ဆာန်အရေအတွက်ဟာ ထပ်မံမြင့်တက်နေပြီးတော့ အဲဒီပေါ်မှာ မှီခိုနေတဲ့ ရွှေ့ပြောင်းတိဗက်တွေရဲ့ အသက်မွေးဝမ်းကြောင်းကို များစွာထိခိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

ချင်းဟိုင်ပြည်နယ်ရှိ ဆာခေါ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မုန်တိုင်းနှင့်မိုးကြောင့် သေဆုံးမှုမှာ ဩဂုတ် ၂၂ ရက်အထိ ၂၆ ဦးရှိပြီဖြစ်ကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

ဩဂုတ် ၂၁ ရက်မှစ၍ ဆန်ချူကောင်တီတွင် ရေကြီးမှုနှင့်မြေပြိုမှုများ စတင်ခဲ့ပြီး ပြီးခဲ့သည့် ၂ ရက်လုံးလုံး အိမ်များ ရေလွှမ်းနေခဲ့သည်ဟု တိဗက်သတင်းရင်းမြစ်များက ပြောသည်။

ချင်းဟိုင်ပြည်နယ် မယ်ဟိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရက်ခေါင်ကောင်တီတွင် မိုးသီးသည်း ထန်စွာကျရောက်မှုကြောင့် ကားပြတင်းပေါက်များ ပျက်စီးခဲ့ပြီး ရွက်ဖျင်တဲများလည်း ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required