နာတူနာကျွန်းစုများကြောင့် တရုတ်နှင့်အင်ဒိုနီးရှားအကြား တင်းမာမှုများ မြင့်တက်လာနိုင်

နာတူနာကျွန်းစုများကြောင့် တရုတ်နှင့်အင်ဒိုနီးရှားအကြား တင်းမာမှုများ မြင့်တက်လာနိုင်

အင်ဒိုနီးရှားနှင့် အမေရိကန်တို့အကြား ပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ကျင်းပခဲ့ရာ  အင်ဒို-ပစိဖိတ်ဒေသအတွက် ဗျူဟာမြောက် အရေးပါလှသည့် အင်ဒိုနီးရှားကို လျစ်လျူရှု၍မရကြောင်း တရုတ်ကို သတိပေးလိုက်ခြင်းပင်ဖြစ်သည်။ 

၁၄ နိုင်ငံ ပါဝင်ခဲ့သည့် အဆိုပါ ၁၆ ကြိမ်မြောက် Garuda Shield စစ်ရေးလေ့ကျင့်မှုသည်  အမေရိကန်နှင့် အင်ဒိုနီးရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ 

အင်ဒိုနီးရှားကြည်းတပ်နှင့် အမေရိကန်ကြည်းတပ်တို့အကြား နှစ်နိုင်ငံလေ့ကျင့်ရေးပွဲမှ ချဲ့ထွင်လာသော ယခုနှစ် "Super Garuda Shield" စစ်ရေးလေ့ကျင့်မှုသည် ယခုအခါ အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံစုံပါဝင်သော အကြီးမားဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုထဲမှ တစ်ခုဖြစ်သည်။

သြစတြေးလျ၊ စင်္ကာပူနှင့် ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် ပါဝင်သော ပေါင်းစပ်တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်သည် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လျက်ရှိသည်။ အခြားပါဝင်သည့်နိုင်ငံများမှာ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ပါပူဝါနယူးဂီနီ၊ တီမောလက်စ်တေနှင့် ဗြိတိန်တို့ဖြစ်သည်။
အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့သည် ယေဘုယျအားဖြင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို နှစ်သက်ကြ သော်လည်း အင်ဒိုနီးရှားသည် တောင်တရုတ်ပင်လယ်ရှိ ၎င်း၏ သီးသန့်စီးပွားရေးဇုန်တွင် တရုတ်ပါဝင် ပတ်သက်မှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်သည် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

နာတူနာကျွန်းပြဿနာကြောင့် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှား၏ ဆက်ဆံရေး ကျဆင်းသွားပုံရသည် ဟု ဒေသတွင်း ကျွမ်းကျင်သူများက ပြောသည်။နာတူနာကျွန်းအား အထူးစီးပွားရေးဇုန် (SEZ) အဖြစ် ပြောင်းလဲမည့် အင်ဒိုနီးရှား၏အစီအစဉ်ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ယင်းအစီအစဉ်သည် တရုတ်အတွက် အလုပ်မဖြစ်သော်လည်း အင်ဒိုနီးရှားအတွက်မူ ဒေသတွင်း ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ စွမ်းအင်နှင့်လုံခြုံရေးကဏ္ဍများမြှင့်တင်ရန်  မက်လုံးများစွာ ရှိနေသည်။

နာတူနာကျွန်းဒေသရုံး၏ တောင်းဆိုမှုအရ အစိုးရအလုပ်အဖွဲ့သည် ကျွန်းကို အထူးစီးပွားရေးဇုန် အဖြစ် ပြောင်းလဲရေးဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်ခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နာတူနာ အဏ္ဏဝါဒေသအား ထိန်းချုပ်ဇုန်အဖြစ် ပြောင်းလဲရန်ညွှန်ကြားချက်ကို လက်မှတ်ပင်ရေးထိုးခဲ့သည်။
 နာတူနာကျွန်းကို အထူးစီးပွားရေးဇုန်အဖြစ် ကြေညာခြင်းသည် တရုတ်နှင့် အင်ဒိုနီးရှားအကြား တင်းမာမှုဖြစ်စေနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required