ပါကစ္စတန်တွင် အဓမ္မဖမ်းဆီးခံ ပျောက်ဆုံးနေသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အဖွဲ့ တောင်းဆို

ပါကစ္စတန်တွင် အဓမ္မဖမ်းဆီးခံ ပျောက်ဆုံးနေသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အဖွဲ့ တောင်းဆို

ပါကစ္စတန်နိုင်ငံတွင် အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူများကို အမြန်ဆုံး ပြန်လွှတ်ရန် အစိုးရကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တိုက်တွန်းတောင်းဆိုလိုက်သည်။ လွှတ်မပေးနိုင်ပါကလည်း ၎င်းတို့ကို ဖမ်းဆီးထားခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်းက ဥပဒေနှင့် လျော်ညီကြောင်း သက်သေပြရန် အရပ်ဘက်တရားရုံးတစ်ခုရှိ တရားသူကြီးတစ်ဦး၏ ရှေ့မှောက်တွင် ၎င်းတို့ကို ရုံးတင် စစ်ဆေးရန်လည်း  AI အဖွဲ့က ပါကစ္စတန်အစိုးရကို တိုက်တွန်းခဲ့သည်။

အဆိုပါ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သည် ‘မုန်တိုင်းကို အံတုခြင်း -- အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးနေမှုများနှင့် ဆန္ဒထုတ်ဖော်ပိုင်ခွင့်’ ဟု ခေါင်းစဉ်ပေးထားသည့် အစီရင်ခံစာတစ်ရပ်ကို ဩဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့ရာတွင် ပါကစ္စတန်အစိုးရအနေဖြင့် ထိန်းသိမ်းထားသူများကို  ဖမ်းဆီးထိန်းသိမ်းရသည့် အကြောင်းရင်းများနှင့်ပတ်သက်ပြီး အမြန်ဆုံး ထုတ်ဖော် အသိပေးသင့်ကြောင်းနှင့် ထိန်းသိမ်းခံရခြင်းက ဥပဒေနှင့်ညီညွတ်မှု ရှိမရှိကို တရားရင်ဆိုင်ရန် ရှေ့နေတစ်ဦး ငှားရမ်းပိုင်ခွင့် အပါအဝင် အခွင့်အရေး ရပိုင်ခွင့်များဆိုင်ရာ သတင်းအချက်အလက် အလုံးစုံဖြင့် ထိန်းသိမ်းခံရသူများကို ထောက်ပံ့ပေးသင့်ကြောင်း ပြောခဲ့သည်။

အတင်းအကျပ် ဖမ်းဆီးခံရသူများ ပျောက်ဆုံးမှု ဖြစ်စဉ်များဆိုင်ရာ စွပ်စွဲချက်အားလုံးနှင့်ပတ်သက်ပြီး ချက်ချင်းလက်ငင်းဖြစ်သော ၊ နှံ့စပ်သေချာသော၊ လွတ်လပ်ပြီး ဘက်မလိုက်သော ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နိုင်စေရေး အစိုးရအနေဖြင့် သေချာအောင် လုပ်ဆောင်သင့်သည်။

လုံလောက်ပြီး လက်ခံနိုင်သော သက်သေအထောက်အထားများ ရှိပါက ပြစ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသည့် သံသယရှိသူများကို အရပ်ဘက်တရားရုံးများ၌ တရားမျှတသော နိုင်ငံတကာ တရားရုံး စစ်ဆေးမှု စံနှုန်းများနှင့် ကိုက်ညီသော တရားစွဲဆိုမှု လုပ်ထုံးလုပ်နည်းများဖြင့် တရားစွဲဆိုရမည်ဖြစ်သည်။

“လွတ်လပ်မှု ရှိပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် ဥပဒေ ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ အစိုးရအေဂျင်စီတွေ သူတို့ရဲ့ သက်ဆိုင်ရာ အမှုထမ်းတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တာမျိုးကို ဟန့်တားပိတ်ပင်သွားမှာဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly