အာဖဂန်တွင် ပေးအပ်သည့် အကူအညီထက် လိုအပ်ချက်များက များပြားလွန်းနေကြောင်း ကုလအစီရင်ခံစာက ဖော်ပြ

အာဖဂန်တွင် ပေးအပ်သည့် အကူအညီထက် လိုအပ်ချက်များက များပြားလွန်းနေကြောင်း ကုလအစီရင်ခံစာက ဖော်ပြ

အာဖဂန်နစ္စတန်အတွက် မကြုံစဖူးသော အတိုင်းအတာ၊ အမျိုးအစားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီပေးခြင်းများကို လုပ်ဆောင်ဆဲဖြစ်သော်လည်း အာဖဂန်ပြည်သူများသည် နိုင်ငံတကာ အကူအညီကို အသည်းအသန် ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောသည်။

“လက်ရှိအချိန်မှာက အာဖဂန်နစ္စတန်ရဲ့ လိုအပ်ချက်တွေရဲ့ အတိုင်းအတာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူတွေဘက်က ဖြည့်ဆည်းပေးဖို့ တုံ့ပြန်လုပ်ဆောင်ပေးနိုင်စွမ်းထက်ကို ပိုလွန် များပြားနေတယ် ဆိုတာကတော့ ဝမ်းနည်းစရာ လက်တွေ့အခြေအနေပဲ ဖြစ်ပါတယ်။ လက်တွေ့ လည်ပတ်တဲ့ စီးပွားရေးနဲ့ ဘဏ်စနစ်တစ်ခု နဂိုအတိုင်း ပြန်မဖြစ်သရွေ့၊ အချိန်ပိုကြာပြီး ပိုပြီး ရေရှည်ဖြစ်တဲ့ ကြားဝင်ကူညီမှုတွေ ပြန်မစသရွေ့၊ စီမံကိန်းတွေ ဖော်ဆောင်ရတဲ့ ဝန်ကြီးဌာနတွေ စနစ်တကျ ကောင်းကောင်း လည်ပတ်နိုင်စွမ်း မရှိသရွေ့၊ မိန်းကလေးတွေ တရားဝင် ကျောင်းပြန်တက်ခွင့် မရသရွေ့၊ လူသားချင်းစာနာမှု လုပ်ငန်းအပါအဝင် လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး နယ်ပယ်ရဲ့ ကဏ္ဍအားလုံးမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အဓိပ္ပါယ်ရှိရှိ၊ လုံခြုံမှုရှိရှိ ပါဝင်နိုင်ခွင့် မရသရွေ့တော့ အာဖဂန်ပြည်သူလူထုကို ခက်ခက်ခဲခဲ ရုန်းကန်အသက်ဆက်နေရတဲ့ အခြေအနေကနေ ရှင်သန်တိုးတက်ကြီးပွားမှု အခြေအနေဆီ ရောက်ရှိစေဖို့က ဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု အာဖဂန်နစ္စတန်ဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး ဒေါက်တာ ရာမစ်ဇ် အလက်ခ်ဘာရော့ဗ်က ပြော သည်။

အခြားနည်းလမ်းများမရှိသည့် အချိန်ကာလတစ်ခုတွင် အာဖဂန်ပြည်သူများ အသက်ဆက်နိုင်ရန်၊ အခြေခံ ဝန်ဆောင်မှုများကို ထိန်းထားနိုင်ရန်နှင့် စီးပွားရေးကို ကျားထောက်ကန်ပေးရန် လူသားချင်းစာနာမှု လုပ်ဆောင်ချက်က မဖြစ်မနေ လိုအပ်နေခဲ့သည်။

အာဖဂန်နစ္စတန် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေနှင့် ဗဟို အရေးပေါ် သီးသန့်ရန်ပုံငွေတို့မှ ငွေကြေး ထောက်ပံ့ခြင်းက မရှိမဖြစ် လိုအပ်သော လုပ်သားများကို လုပ်ခလစာ ဆက်လက်ပေးချေနိုင်ခြင်းအားဖြင့် ကျန်းမာရေး နှင့် ပညာရေး ကဏ္ဍတို့ ပြိုလဲမှု မဖြစ်စေရန် တားဆီးရာတွင် အဓိကကျခဲ့သည်ဟု UNOCHA က ပြောသည်။

ယခုနှစ်ထဲမှာပင် စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုများမှတစ်ဆင့် လူပေါင်း ၇ ဒသမ ၇ သန်းခန့် အကျိုးခံစားခွင့် ရထားခဲ့သည်။ ၎င်းတို့ထဲတွင် အခြေခံ ကျန်းမာရေး အထောက်အပံ့၊ မျိုးပွားမှုနှင့် မိခင်ကျန်းမာရေး ဆိုင်ရာ ထောက်ကူပံ့ပိုးမှုတို့ကို ရရှိခဲ့သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် ၃ သန်းလည်း ပါဝင်ခဲ့ရာ မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ သေဆုံးမှုများကို လျော့ကျစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required